*အနာဂတ်လူငယ်များ မိမိအမျိုးသားဂုဏ် ဖေါ်ဆောင်နိုင်ကြပါစေ*

Sunday, October 25, 2009

*-

တက္ကသိုလ် အဓိပတိက လျစ်လျူရှုခဲ့ပါတယ်။မကျေနပ်လို့ ကိုဘဦး၊ ကိုအောင်ဒင်၊ ကိုမြ စတဲ့ ကျောင်းသားကြီးတွေက ဦးဆောင်ပြီး အဲဒီမှာပဲ တက္ကသိုလ်ကျောင်းသားကြီးတွေက (၂၁)ဦး ပါဝင်တဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားထု ကိုယ်စားပြု သပိတ်ကော်မတီကို ဖွဲ့စည်းလိုက်ပြီး သမိုင်းတွင်မယ့် ပထမ တက္ကသိုလ်သပိတ်ကြီးကိုစတင်လိုက်ကြပါတော့တယ်။
ဒီတက္ကသိုလ် ပထမသပိတ်ကြီးဟာ မြန်မာတို့ နယ်ချဲ့ လက်အောက် ကျွန်ဘဝ ရောက်ခဲ့ရတဲ့ ကာလတလျှောက် ပြည်သူတရပ်လုံး ပထမဆုံးအနေနဲ့ နယ်ချဲ့ အစိုးရကို ဥပဒေဘောင်အတွင်းက ရင်ဆိုင်အန်တု စိန်ခေါ်ခဲ့တဲ့ နိုင်ငံရေး နိုကြား အုံကြွမှုကြီးပါပဲ။ သပိတ်ကြီးဟာ တပြည်လုံးကို နေ့ချင်းညချင်း ကူးစက် ပျံ့နှံ့သွားခဲ့ပါတယ်။
အမျိုးသားနေ့၊ တနည်း ၁၉၂ဝ ပထမ တက္ကသိုလ် သပိတ်ကြီးက မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် နိုင်ငံရေး နိုးကြားမှု အုတ်မြစ် ချပေးနိုင်ခဲ့တဲ့ မဟာအောင်ပွဲ ဖြစ်ပါတယ်။

၁၉၂၃ ခုနှစ်၊ မြန်မာပြည် ဒိုင်အာခီ အုပ်ချုပ်ရေး လက်ထက်တွင် တက္ကသိုလ် အက်ဥပဒေကို လက်ခံနိုင် လောက်အောင် ပြင်ပေးခဲ့ပြီး သပိတ်မှောက် ကျောင်းသားများ တည်ထောင် ခဲ့ကြသည့် အမျိုးသား ကျောင်းများကို အသိအမှတ် ပြုကာ အထောက်အပံ့ ပေးလာခဲ့သည်။ ကျောင်းသားတို့၏ အောင်ပွဲကား အံ့မခန်း ဖြစ်ခဲ့သည်ဟု ဆိုရပေ လိမ့်မည်။
ကျောင်းသား သပိတ်၏ ရလာဒ်အဖြစ် တက္ကသိုလ်တွင် ကျောင်းသား ကိုယ်စားလှယ် ကောင်စီ ဖွဲ့စည်းခွင့် ရခဲ့သည်။ ထို့အပြင် ပါမောက္ခ ဦးဖေမောင်တင်က မြန်မာစာကို အားပေးပြီး မြန်မာစာပေ ဖွံ့ဖြိုးရေးကို အားထား ဆောင်ရွက်ခဲ့သဖြင့် မြန်မာစာပေ လောကကို တခေတ်ဆန်းစေသည့် စာရေးဆရာကြီးများ ဖြစ်ကြသော ဆရာကြီး သိပ္ပံမောင်ဝ၊ ဆရာကြီးဇဝန၊ ဆရာကြီးဇော်ဂျီ၊ ဆရာကြီးမင်းသုဝဏ် တို့ကဲ့သို့သော စာရေးဆရာများလည်း တက္ကသိုလ်မှ စတင်ပေါ်ထွက် ခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရန် ကြိုးပမ်းရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် တမျိုးသားလုံး၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် မြန်မာနိုင်ငံရေး လောကတွင် ချန်လှပ်ထား၍ မဖြစ်နိုင်သော သခင်မြ၊ ဦးရာဇတ် စသည့် ပုဂ္ဂိုလ်ကြီးများကိုလည်း ထိုကျောင်းသား သပိတ်မှ စတင်သန္ဓေတည် မွေးဖွားပေး လိုက်သည်ဟု ဆိုရမည် ဖြစ်သည်။
ဗြိတိသျှ ကိုလိုနီ လက်အောက်မှာ ၁၉၂ဝ တက္ကသိုလ် သပိတ်ကြီးက ကိုလိုနီ ကျွန်ပညာရေး စနစ်ကို တိုက်ရိုက် ဆန့်ကျင် ရိုက်ချိုးခဲ့တာပါပဲ။ ဒီသပိတ်ကြီးရဲ့ အဓိက ရည်ရွယ်ချက်တွေက (၁) အမျိုးသား လွတ်မြောက်ရေးစိတ်နဲ့ ကိုလိုနီ ဖိနှိပ်မှုကို ဆန့်ကျင်ရေး၊ (၂) အမျိုးသား သခင်ပညာရေး စနစ် တည်ထောင်ရေးတို့ ဖြစ်တယ်။

ကိုလိုနီ ခေတ်ဦးမှာ ဗြိတိသျှအစိုးရဟာ ကိုလိုနီယန္တရားကို အထောက်အကူပြုဖို့ ဂျပ်ဆင်ကောလိပ်နဲ့ ရန်ကုန်ကောလိပ် တို့ကို ဖွင့်ပေးခဲ့တယ်။ ဒါပေမဲ့ သီးခြားကောလိပ်တွေတော့ မဟုတ်ဘူး။ အိန္ဒိယနိုင်ငံ၊ ကလကတ္တား တက္ကသိုလ် အုပ်ချုပ်မှုအောက်မှာပဲ ရှိသေးတယ်။ ၁၉၂ဝပြည့်နှစ် ဒီဇင်ဘာရောက်မှ ရန်ကုန် ယူနီဗာစီတီ အက်ဥပဒေ ပြဌာန်းပြီး ရန်ကုန်တက္ကသိုလ်ကို မြန်မာနိုင်ငံရဲ့ သီးခြား တက္ကသိုလ်အဖြစ် ခွင့်ပြုခဲ့တာပါ။
‘အမျိုးသားနေ့အစ၊ ၁၉၂ဝ ပထမ တက္ကသိုလ် သပိတ်ကြီးက’ လို့ ဆိုရိုးရှိတဲ့အတိုင်း နဝမ အကြိမ်မြောက် ဂျီစီဘီအေ ကွန်ဖရင့်ကြီးက အဲဒီသပိတ်ကြီး စခဲ့တဲ့ ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ(၅)ရက်၊ မြန်မာသက္ကရာဇ် ၁၂၈၂ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် (၁ဝ)ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့တာပါ။

၁၉၂ဝ တက္ကသိုလ်ကျောင်းသားတွေ ပထမဆုံး သပိတ်မှောက်ခဲ့တဲ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော် စနေထောင့်မှာ တည်ထားတဲ့ စေတီနဲ့ ကမ္ဗည်း ကျောက်စာတိုင်ကိုတော့ နအဖ စစ်အုပ်စုက မတရားပိတ်ပင် အမှောင်ချထားလို့ နောက်မျိုးဆက် ကျောင်းသားတွေ ဖူးမျှော်ခွင့်၊ အလေးပြုခွင့် မရတော့ပါဘူး။


ထိုထက်မကဝမ်းနည်းစရာမှာ ကျောင်းသားထုက မတရားသော အမိန့်ဥပဒေကို ဆန့်ကျင် တော်လှန်ရာမှ စတင်အခြေခံ ဖြစ်ပေါ်လာခဲ့သော အမျိုးသား အောင်ပွဲနေ့ အကြောင်းကို ယခုခေတ် တက္ကသိုလ် ကျောင်းသား အများစုက လုံးဝနီးပါး မသိရှိတော့ခြင်း ဖြစ်သည်။
တော်လှန်ရေးကျောင်းသား သပိတ်ကြီး စတင်သည့် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသား အောင်ပွဲနေ့ အဖြစ် သက်မှတ်ပြီး နှစ်စဉ် ကျင်းပခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ထိုနေ့ထူး နေ့မြတ်ကြီးက မြန်မာလူငယ်တို့ အကြား မှိန်ဖျော့ ပျောက်ကွယ်ကာ ရုံးပိတ်ရက်တရက် အဖြစ်သာ ကျန်ရှိတော့သည်။
ဤတို့တိုက်ပွဲဝင် ဆင်နွဲခဲ့ကြသော ဆရာသခင်ကျေးဇူးရှင် တို့အား ဂုဏ်ပြု ဦးညွှတ် အလေးပြုလိုက်ပါသည်
ကျားပေါက်
 

blogger templates | Make Money Online