တောင်တန်းပြည်မ ပူးပေါင်းရေး ကျောက်တိုင်
အင်္ဂလိပ်ကိုလိုနီခေတ် ကာလမှ လွတ်လပ်ရေး ရချိန်အထိ တိုင်းရင်းသား နယ်မြေများ အနေအထား တိုင်းရင်းသား လူမျိုးများ၏ နယ်မြေများ နေအထားများကို သမိုင်းအရ ခြုံငုံ၍လေ့လါ စမ်းစစ်ပါက ပဒေသရာဇ်ခေတ် မှစ၍ 1948 လွတ်လပ်ရေးခေတ်ဦးမှ ယနေ့ထိ {State of Burma} အနေဖြင့် နယ်မြေများ တစုတစည်းတည်းအတွင်း နေထိုင်ကြသည်မဟုတ်ပါ။
မိမိနယ်မြေဒေသအလိုက် လူမျိုးစုအလိုက် သီးခြားနေထိုင်လာခဲ့ကြသည်မှာ မြန်မာနိုင်ငံဟု မပေါ်ပေါက်သေးမီ ရှေးပဝေသဏီထဲမှ သီးခြားနယ်မြေစီ နေထိုင်လာခဲ့ကြကြောင်း သမိုင်းအချက်အလက်များက ပြဆိုနေပြီးဖြစ်သည်။
ပဒေဇရာဇ်ခေတ်တွင် မင်းလက်နက်ကိုင် နိုင်ငံများထူထောင်ရန် အာဏာပြိုင်ကြရာမှ လူမျိုး အချင်းချင်းလည်း တိုက်ခိုက်ကြ သကဲ့သို့ အခြားလူမျိုး များနှင့်လည်း တိုက်ခိုက်ခဲ့ကြသည်။
အထူးသဖြင့် မွန် မြန်မာ သျှမ်း သုံးပွင့်ဆိုင် အားပြိုင်မှုကြီးပေါ်ပေါက်ခဲ့သည်။ တိုင်းရင်းသား လူမျိုးများသည် ကိုယ့်ထီး ကိုယ့်နန်း၊ ကိုယ့်ကြငှန်းနှင့် ကိုယ့်ဘုရင်၊ ကိုယ့်စော်ဘွား၊ ကိုယ့်စောဖျား၊ ကိုယ့်ဒူဝါ၊ ကိုယ့်တောင်ပိုင်၊ကိုယ့်တောင်အုပ်များဖြင့်ထီးဖြူဆောင်း၊ ရွှေထီးဆောင်း ရွှေဓါးကိုလွယ် ငွေဓါးလွယ်ကိုင် ဟော်နန်း ပလင် သရှင်သခင်ဖြင့် အစဉ်သဖြင့်နေထိုင် လာခဲ့ကြခြင်းဖြစ် ကြောင်းတွေ့ရှိရသည်။
ကုန်းဘောင်ခေတ်တွင်ပင် မြန်မာဘုရင်များသည် သျှမ်းစော်ဘွား နယ်များအား တိုက်ရိုက်အုပ်ချုပ်ခြင်းမရှိ ပဏာဆက်နှိင်ငံနေဖြင့်၎င်း အချို့တောင်းတန်းဒေသများမှာ မြန်မာဘုရင်၏ သြဇာသက်ရောက်မှု လုံးဝမရှိခြေ၊ စုစည်းပြီး စည်းလုံးညီညွတ်သော တိုင်းရင်းသားများ နယ်မြေကို နယ်ချဲ့အင်္ဂလိပ်က လာရောက်ပိုင်းခြားခြင်းဖြင့် စိတ်ဝမ်းကွဲပြားမှုရှိသည် ဟူသော အယူအဆသည် နယ်ချဲ့ဆန့်ကျင်ရေးတရားပွဲများ ခေတ်ကာလတွင်း အာပေါင်အာရင်း သန်သန်ဖြင့် ဟောပြော၍ ကောင်းသော အဆင့်တွင်သာရှိသည်။ အမှန်မှာ မှုလကပင်သီးခြား စီတည်ရှိကြသည့် တိုင်းရင်းသား လူမျိုးနယ်မြေများ အင်္ဂလိပ်တို့ သိမ်းပြီးသောအခါ၌လည်း သီးခြားစီခွဲခြား အုပ်ချုပ်ခြင်းဖြစ်ကြောင်း သိရသည်။
(က) တိုင်းရင်းသားများနယ်မြေများကို အပိုင်း (၄)မျိုး ပိုင်းခြားထားကြောင်းသိရှိရသည်
အပိုင်း (၁) ရခိုင်ဒေသ၊ မွန်ဒေသ၊ ဗမာဒေသများကို ပေါင်းလျှက် ဗမာပြည်မ {Burma Proper} ဟုခေါ်ဝေါ်သုံးစွဲ လာသဖြင့် မြန်မာပြည်၊ မြန်မာနိုင်ငံဟူ၍ ကမ္ဘာပေါ်တွင် စတင်ပေါ်ပေါက်သုံးစွဲလာသည်။ အင်္ဂလိပ်အစိုးရ တိုက်ရိုက်အုပ်ချုပ်သည့် နယ်မြေဖြစ်ပြီး နောင်တွင် ၉၁ ဌာန၀န်ကြီးအစိုးရ အုပ်ချုပ်သည့်နယ်မြေဖြစ်သည်။ ယနေ့ လက်ရှိမွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်သည် အင်္ဂလိပ်အစိုးရ လက်ထက်မှ ၁၉၇၄ ခုနှစ်အထိ ဗမာပြည်မတွင် ထည့်သွင်းထားသည်။
ယခု စစ်ကိုင်းတိုင်းသည် ဗမာပြည်မနယ်မြေအစိတ်အပိုင်းအပြင် Part One (ခေါ်) ဇယား (၁)၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေများဖြစ်သာ အနောက်ဖက်သျှမ်းပြည်ဖြစ်သည့် သောင်သွတ်နယ်၊ ဆင်ကလိုက်ခန္တီးနယ်၊ ခန္တီးနယ်၊ ခန္တီးလုံနယ်၊ ဆောမရ နယ်ပယ် (ခေါ်) နာဂတောင်တန်းဒေသ၊ အထက်ချင်းတွင်း ဒေသနယ်မြေငါးခုအပြင် အင်္ဂလိပ်ဘုရင်ခံက အုပ်ချုပ်ရေးသီးသန့်ထားရှိသော Part Two (ခေါ်) ဇယား (၂) နယ်မြေဖြစ်သည့် အထက်ချင်းတွင်း စီရင်စုရှိ ဟုမ္မလင်း ဆမ်ဒီဝီဇံ၊ တမှုးမြို့နယ် မောလိုက်ကျေးလက်ဒေသ အသီးသီးစုစည်းပါဝင်သည်။
အပိုင်း (၂) ကရင်နီ စောဖျာနယ်များ စုစည်းထားသော ကရင်နီပြည် (ဗမာမင်းတုန်းမင်းကိုစား ကင်းဝန်မင်းကြီးနှင့် အင်္ဂလိပ်ဘုရင်ခံ ကိုယ်စား ဆာဒေါက်ကလပ်ဖေါ့ဆက်တို့ ၁၈၇၅ ခု၊ ဇွန်လ ၂၁ ရက်နေ့တွင် ချုပ်ဆိုထားသော စာချုပ်အရသီးခြားလွတ်လပ်သော နယ်မြေအဖြစ် ဆက်လက် အသိအမှတ်ပြုထားသော နယ်မြေဖြစ်သည်။ အင်္ဂလိပ်က စိတ်ကြိုက်နယ်နိမိတ်သတ်မှတ်ထားပြီး ယခုလက်ရှိ ကရင်နီပြည် ဖြစ်သည်။
အပိုင်း (၃) တောင်ကြီး၊ ကလော၊ မေမြို့၊လားရှိုး၊ လွိုင်လင်၊ လွိုင်မွေ၊ သံတောင် စသည့်မြို့များ (တောင်ပေါ်စခန်းမြို့များအဖြစ် သီးသန့်အုပ်ချုပ်ရေးထား ရှိသည်။ ယခုမေမြို့သည် မန္တလေးတိုင်းတွင် လည်းကောင်း၊ သံတောင်မြို့သည် ကရင်ပြည်တွင်လည်းကောင်း၊ တောင်ကြီး၊ လာရှိုး၊ ကလော၊ လွိုင်လင်၊ လွိုင်မွေမြို့များသည် သျှမ်းပြည်တွင်ပါဝင်သည်။
အပိုင်း (၄) တောင်တန်းဒေသ များဟူ၍ အထက်ပါအတိုင်း အပိုင်း (၄)မျိုး ပိုင်းခြားတည်ရှိကြောင်းတွေ့ရှိရသည်။
တောင်တန်းဒေသများဟု ခေါ်ဝေါ်သည့် နယ်မြေများထဲတွင် Part One (ခေါ်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေများ (၁၀) ခုနှင့် Part Two (ခေါ်) ဘုရင်ခံက အုပ်ချုပ်ရေးသီးသန့်ထားရှိသော နယ်မြေများ (၃) ပိုင်းဟူ၍ အောက်ပါအတိုင်း နှစ်မျိုးထပ်မံ သတ်မှတ်ထားကြောင်းတွေ့ရှိရသည်။
(ခ) တောင်တန်းဒေသများ {Part One} ခေါ်တွင်သည့်နယ်မြေများ
Government of Burma Act-1935
SECOND SCHEDULEμ
Areas in Burma to which special provisions apply
Part One - { ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေများ }
(၁)The Federated Shan States as specified in Notification No.31,date 27th September 1922, of the Political Department of the Government of Burma as amended by any subsequent notification made before the commencement of this Act ဖက်ဒရယ်ပြည်ထောင်စု သျှမ်းပြည် (ယခု လက်ရှိ သျှမ်းပြည်ဖြစ်ပြီး သျှမ်းစော်ဘွားများ Part One နယ်မြေများဖြင့်သာ စုစည်းပါဝင်သည်။
(၂)The Shan States specified in Notification No.41, dated 5th October, 1922, of the Political Department of the Government of Burma, as amended by any subsequent notification made before the commencement or this Act other than the Federated Shan State. ဖက်ဒရယ် သျှမ်းပြည်ထောင်စုတွင် ထည့်သွင်းခြင်းမပြုသည့် သျှမ်းစော်ဘွားနယ်ဖြစ်သော သောင်သွတ်နယ်၊ ဆင်ကလိုက်ခန္တီးနယ်၊ ခန္တီးလုံနယ်တို့ဖြစ်သည်။ (ယခုလက်ရှိ စစ်ကိုင်းတိုင်း မြောက်ပိုင်းတွင် စုစည်းပါဝင်သည်။)
(၃)The Arakan Hill Tracts. ရခိုင်တောင်တန်းဒေသများ (ခေါ်) ပလက်ဝဒသနှင့် မြောက်ပိုင်းရှိ တောင်တန်းဒေသများ။ (ယခု ချင်းပြည်နယ်တွင် စုစည်းပါဝင်သည်။)
(၄)The Chin Hill District. ချင်းရမ်အုပ်များနယ်မြေ ချင်းတောင်တန်းဒေသ၊ (ယခု ချင်းပြည်တတွင်ပါဝင်သည်။ လက်ရှိချင်းပြည်သည် ချင်းရမ်အုပ်နယ်မြေများနှင့် Part One ရခိုင်တောင်တန်းဒေသနယ်မြေ များဖြင့် စုစည်းပါဝင်သည်။
(၅)The Kachin Hill Tracts of the Myitkyina, Bhamo and Katha District. မြစ်ကြီးနား၊ ဗန်းမော်နှင့်ကသာ၊ စီရင်စုများအတွင်း ကချင်ဒူဝါးများ နယ်မြေ၊ ကချင်အမျိုးသားများနေထိုင်သည့် ဒေသဖြစ်သည်။ (ယခု ကချင်ပြည်တွင် ပါဝင်သည် လက်ရှိ ကချင်ပြည်သည် ကချင်ဒူးဝါးနယ်မြေများ၊ Part One နယ်မြေများနှင့် Part Two နယ်မြေများဖြင့် စုစည်းပါဝင်သည်။)
(၆)The Somra Tract. ဆော်မရနယ်ပယ်။ (နာဂတောင်တန်းဒေသ လက်ရှိစစ်ကိုင်းတိုင်း မြောက်ပိုင်းတွင် စုစည်းပါဝင်သည်။)
(၇)They are Known as the Triangle. တြိဂံနယ်မြေဆိုသည့် မေခနှင့် မလိခမြစ်နှစ်သွယ်ကြားရှိဒေသ။ (ယခု ကချင်ပြည်နယ်တွင် စုစည်းပါဝင်သည်။)
(၈)The area Known as the Hukawing Valley lying to the north of the Upper Chindwin District. အထက်ချင်းတွင်းဒေသနှင့် ဟူးကောင်းတောင်ကြား ဒေသဖြစ်သည်။ (ယခု စစ်ကိုင်းတိုင်းမြောက်ပိုင်းနှင့် ကချင်ပြည်တွင် စုစည်းပါဝင်သည်။)
(၉)The Salween District. သံလွင်ခရိုင်ဖြစ်သည်။ (ယခု ကရင်ပြည်တွင်ပါဝင်သည်။ ၁၉၅၂ ခုနှစ်၊ နိုဝင်ဘာ (ရ) ရက်နေ့တွင် သံလွင်ခရိုင်ခေါ် ဖာပွန်နယ်နှင့် ဘားအံ၊ လှိုင်းဘွဲ့၊ သံတောင်နယ်များကို စုစည်း၍ ကရင်ပြည်အဖြစ် သတ်မှတ်သည်။ ၁၉၅၄ ခုနှစ် ဇွန်လ (၁) ရက်နေ့တွင် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးနယ်များအပါဝင် ကရင်ပြည်အဖြစ် တိုးချဲ့သတ်မှတ်သည်။ ထို့ကြောင့် လက်ရှိကရင်ပြည်သည် Part One နယ်မြေနှင့်
Part Two နယ်မြေများဖြင့် စုစည်းပါဝင်သည်။
(၁၀)All tribal territories which at the date of coming into operation of this Act are unadministered.
အင်္ဂလိပ်အုပ်ချုပ်ရေး လုံးဝလက်လှမ်း မမီသော နယ်မြေဒေသများ။ (ဥပမာ “ ၀” စော်ဘွားနယ်မြေ Wa State ၊ယခုလက်ရှိ သျှမ်းပြည်တွင် စုစည်းပါဝင်သည်။
အထက်ဖေါ်ပြသော Part One နယ်မြေများ (၁၀) ခုသည် သီးခြားကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိသော နယ်မြေများဖြစ်ပြီး၊ အင်္ဂလိပ်ဘုရင်က လုံးဝတာဝန်ယူထားသည်။ ဗမာပြည်မ ၀န်ကြီးအဖွဲ့အစိုးရက ၀င်ရောက် စွတ်ဖက်ပိုင်ခွင့်မရှိချေ။
တောင်တန်းဒေသများ Part Two ခေါ်တွင်သည့်နယ်မြေများ
(၁) Such Part of the Myitkyina and Bhamo Districts as are not included in Part One of this Schedule.
-Part One မပါဝင်သည့် မြစ်ကြီးနား၊ ဗန်းမော်တို့မှ အစိတ်အပိုင်းများ။ (ယခု ကချင်ပြည်တွင်စုစည်း ပါဝင်သည်)
(၂) Such Parts of the Upper Chindwin District as constitute the Homalin sub-division together with the village tracts which were included in the former Tamu township of the Mawlaik sub-division on the preceding abolition. -အထက်ချင်းတွင်း စည်ရင်စုရှိ ဟုမ္မလင်းဆမ်ဒီဝီဇံ၊ ယခုတမှုးမြို့နယ် မော်လိုက်ကျေးလက်ဒေသများ (ယခု စစ်ကိုင်းတိုင်းမြောက်ပိုင်းတွင် စုစည်းပါဝင်သည်။)
(၃) The Kyain township, the Myawady Circle of the Kawkareik township, and so much of the Karen Hill tracts in the eastern half of the Toungoo District and the Thaton District as be prescribed by His Majesty in Council. -ကြာအင်းမြို့နယ်၊ ကောကရိတ်မြို့နယ်မှ မြ၀တီတိုက်နယ်၊ တောင်ငူစီရင်စု အရှေ့ဘက်ခြမ်းနှင့် သထုံစီရင်စုရှိ တောင်တန်းဒေသများဖြစ်သည်။ (ယခု ကရင်ပြည်တွင် စုစည်းပါဝင်သည်။)
ဒေသများသုံးခုသည် ဗမာပြည်မ၀န်ကြီးအစိုးရ အဖွဲ့က အကြံညဏ်ပေးနိုင်သော်လည်း ဘုရင်ခံ၏ အဆုံးအဖြတ်သည်သာ အဓိကအတည်ဖြစ်သည်။
အထက်ဖေါ်ပြပါ ဗမာပြည်မ၊ ကရင်နီပြည်၊ တောင်ပေါ်စခန်းမြို့များ၊ Part One တောင်တန်းဒေသများ (၁၀)ခုနှင့် Part Two တောင်တန်းဒေသများသုံးခု နယ်မြေများအားလုံးသည် အင်္ဂလိပ်အစိုးရ လက်ထက်မှ လွတ်လပ်ရေးရရှိသည့် အချိန်ထိ တိုင်းရင်းသား လူမျိုးများ၏ နယ်မြေများ အနေအထားမှန်ဖြစ်သည်။
*ပထမပင်လုံ ညီလာခံနှင့် ပင်လုံစာချုပ်*
ပင်လုံအစ မိန်းပွန် (မိုင်းပွန်) က ဆိုပါလျှင် အံ့သြကြလိမ့်မည်ထင်သည်။ ပင်လုံစာချုပ် ပင်လုံစာချုပ်ဆို၍ တိုင်းရင်းသား ခေါင်းဆောင်များနှင့် မြန်မာမှုပြု၍ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖဆပလ အဖွဲ့နှင့် သျှမ်းပြည်နယ် ပင်လုံမြို့လေးတွင် ချုပ်ဆိုသော တောင်တန်းပြည်မ ပူပေါင်းလွတ်လပ်ရေးရ ယူရန်ဆိုသည့် အချက်လောက်နှင့် မပြည့်စုံပါ မှုလအစ ဇစ်မြစ်သိဖို့ မြန်မာပြည်သားတိုင်း လိုအပ်မည်ထင်ပါသည်။
ဖြစ်က ဒုတိယကမ္ဘာ စစ်ကြီးဖြစ်ပြီးစ ကမ္ဘာပေါ်ရှိ ကိုလိုနီနိုင်ငံများက လွတ်လပ်ရေးကြိုးပမ်းနေနေသည့် အခါသမယဖြစ်သည်။ ၁၉၄၅ ခုနှစ် အောက်တိုဘာလတွင် မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၏ ဇနီးမဟာဒေ၀ီအသုဘ အခမ်းအနားသို့ အနယ်နယ်အရပ်ရပ်မှ စော်ဘွားကြီးများ တက်ရောက်လာကြသည်။
ဖြစ်က ဒုတိယကမ္ဘာ စစ်ကြီးဖြစ်ပြီးစ ကမ္ဘာပေါ်ရှိ ကိုလိုနီနိုင်ငံများက လွတ်လပ်ရေးကြိုးပမ်းနေနေသည့် အခါသမယဖြစ်သည်။ ၁၉၄၅ ခုနှစ် အောက်တိုဘာလတွင် မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၏ ဇနီးမဟာဒေ၀ီအသုဘ အခမ်းအနားသို့ အနယ်နယ်အရပ်ရပ်မှ စော်ဘွားကြီးများ တက်ရောက်လာကြသည်။
ထိုစဉ် စော်ဘွားကြီးများအားလုံးက မိုင်းပွန်စော်ကြီးအား နည်းလမ်းရှာဖွေရန် တာဝန်ပေးလိုက်သည်။ မိုင်းပွန်စော်ဘွားကြီးက ၁၉၄၆ ခု၊ ဇန်န၀ါရီလ (၁၃) ရက်နေ့တွင် စော်ဘွားများကောင်စီ အစည်းအဝေးတရပ်ကို ကျင်းပရန် မိုင်းကိုင်မြို့သို့ ဖိတ်ခေါ်လိုက်သည်။
ယင်းမိုင်းကိုင်မြို့ စောဘွားကြီးများအစည်းအဝေးပွဲက ဆွေးနွေးကြရာမှ လာမည့်မတ်လတွင် ကျရောက်မယ့် လဲချားနယ်၊ ပင်လုံမြို့ဘုရားပွဲတွင် သျှမ်းပြည်နယ် လက်မှုပြပွဲ တရပ်ကျင်းပရန် ဆုံးဖြတ်လိုက်သည်။ ကုန်ကျသည်များကို လဲချားစော်ဘွားကြီးက တာဝန်ယူလိုက်သည်။
သျှမ်းပြည်နယ်လက်မှုပြပွဲ ဟုအမည်တပ်ထားသော်လည်း ယင်းပြပွဲသို့ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလခေါင်းဆောင်များ ဗမာပြည်မမှ အခြားနိုင်ငံရေး ခေါင်းဆာင်များ၊ တောင်တန်းဒေသမှ ကချင်၊ ချင်း၊ ကရင်နီခေါင်းဆောင်များကိုလည်း ဖိတ်ကြားသဖြင့် နိုင်ငံရေးအသွင် လက္ခဏပပြည့်အ၀ ဆောင်သည် ထို့ကြောင့် ယင်းညီလာခံကို ပထမပင်လုံညီလာခံဟု ပင်ခေါ်တွင်ကြလေတော့သည်။
ပထမပင်လုံညီလာခံကို ပင်လုံမြို့တွင် ၁၉၄၆ ခု၊မတ်လ (၁)ရက်နေ့ မှ (၁၂) ရက်နေ့အထိကျင်းပသည်။ ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ရခိုင်ပြည်ဘက် ခရီးလွန်သဖြင့် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်စား၊ ဦးနု၊ ဦးဘဂျမ်း၊ မန်းဘခိုင်၊ ဦးဘအေး၊ သထုံဦးလှဖေအပြင် ဂဠုန်ဦးစောလည်း တက်ရောက်ခဲ့ကြသည်။ (မှတ်ချက်)
ညီလာခံတွင် သျှမ်းပြည်မှ ဦးထွန်းမြင့် (လင်းခေး) နှင့် ဦးတင်အေးတို့ ဟောပြောကြသည်။ ဦးနုက သျှမ်း၊ ဗမာ ချစ်ကြည်ရေးသမိုင်းကိုလည်းကောင်း၊ ဂဠုန်ဦးစောက ဒိုမီနီယံအကြောင်းကိုလည်းကောင်း ပြောကြသည်။
ဦးနုက ဗိုလ်ချုပ်အောင်ဆန်းမှာ ကြိုတင်စီစဉ်ထားသော အခြားကိစ္စတခုရှိ၍ သမိုင်းဝင် ဤညီလာခံကို မတက်ရောက်နိုင်ကြောင်း၊ ဤသို့မရောက်နိုင်သည့် အတွက် တောင်းပန်ကြောင်း မတက်ရောက်သော်လည်း အောင်မြင်မှုရပါစေဟု ဆန္ဒပြုသည် ကိုဤအစည်းအဝေးသို့တင်ပြရန် မှာကြားလိုက်ကြောင်းပြောကြားပြီး၊ သျှမ်း-ဗမာ ချစ်ကြည်ရေးသမိုင်းကို အဓိကဆွေးနွေးသွားသည်။ ထို့အပြင် (ဖ.ဆ.ပ.လ) အဖွဲ့ချုပ် ပထမ ညီလာခံတွင် သျှမ်းလူမယ် (၁၀)ဦးနှင့် တွေ့ဆုံစဉ်က မပြေမလည်ရှိခဲ့ကြသည်ကို ထပ်မံတွေ့ဆုံဆွေးနွေးကြပြီး အတော်အတန် နားလည်မှုရရှိသွားကြသည်။
ဂဠုန်ဦးစောက တောင်တန်းဒေသများသည် ဗမာပြည်မနှင့်တပြိုင်တည်း လွတ်လပ်ရေးရယူကြပြီး လွတ်လပ်ရေးပြီးပါက ခွဲထွက်လိုပါက ခွဲထွက်ခွင့်ရှိစေရမည်ဟု ဆွေးနွေးသည့်အပြင် ဒိုမီနီယံအုပ်ချုပ်ရေး အကြောင်းကိုပါ ဆွေးနွေးလာသဖြင့် သျှမ်းပြည်ခေါင်းဆောင်များက ဗမာပြည်မှာ ရောင်းမစွံတဲ့ဒိုမီနီယံကို သျှမ်းပြည်လာမရောင်းပါနဲ့ ဟုပြောလိုက်ရာ ဦးစော လုံးဝ အရေးနှိမ့်သွားသည်။
သျှမ်းနှင့် ကချင်ခေါင်းဆောင်များသည် ဗမာပြည်နှင့် တပြိုင်တည်း လွတ်လပ်ရေးရယူသွားမည့် နည်းလမ်းများကို သီးသန့်တွေ့ဆုံ ဆွေးနွေးကြသည်။
ကရင်နီပြည် ကိုယ်စားလှယ်က မိမိတို့ကရင်နီပြည်မှာ သီးခြား လွတ်လပ်ရေး ရရှိပြီးဖြစ်၍ လေ့လာသူအဖြစ်သာ တက်ရောက်ကြောင်း၊ အနာဂတ်ပြည်ထောင်စု ဖွဲ့စည်းပုံအပေါ်မှုတည်ပြီး ကရင်နီပြည်သူများ၏ ဆန္ဒသဘောထား ရယူသွားမည်ဟု အလွတ်သဘောဖြင့်သာ ဆွေးနွေးသွားသည်။
ပထမပင်လုံညီလာခံသည် အိမ်ရှင် ဖက်ဒရယ်သျှမ်းပြည်ထောင်စု စော်ဘွားကြီးများကိုယ်တိုင် စီစဉ် ဖိကြား၍ ၁၉၄၆ ခု၊ မတ်လ (၁) ရက်နေ့မှ (၁၂) ရက်နေ့ထိ ကျင်းကပြုလုပ်သည့် နားလည်မှုရရှိစေသည်။ နောက်နှစ်ပင်လုံတွင် ထပ်မံဆုံစည်းကြရန်ကိုလည်း သဘောထား ရရှိသွားကြသည်။
၁၉၄၆ တွင် အက်တလီက ဗမာပြည် အနာဂတ်ရေးအတွက် ဆွေးနွေးရန် ၁၉၄၆ ခုနှစ် ဒီဇင်ဘာလတွင်း တွင် ဗမာကိုယ်စားလှယ်အဖွဲ့ကို လန်ဒန်သို့စေလွှတ်ရန် ဖိတ်ခေါ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ တနှစ်အတွင်းလုံးဝ လွတ်လပ်ရေးရရှိစေရမည် ဟူသောကြွေးကြော်သံမှာ ဖဆပလ၏ တရားဝင်ကြွေးကြော်သံ ဖြစ်လာသည်။
ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ဗမာပြည်အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် ယင်းကြွေးကြော်သံကို ကိုင်ဆွဲလျက် ၁၉၄၇ ခုနှစ် ဇန်န၀ါရီ (၁) ရက်နေ့တွင် လန်ဒန်သို့ ထွက်ခွာသွားသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် လန်ဒန်တွင် ဗမာပြည်နှင့်အတူ တောင်တန်းဒေသ နယ်မြေများကိုပါ တပြိုင်တည်း လွတ်လပ်ရေးပေးရန် အရေးဆို တင်သွင်းလိုက်သည်။
ထိုသို့ ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာပြည်နှင့် တောင်တန်းဒေသ နယ်မြေများအတွက် တပြိုင်တည်း လွတ်လပ်ရေးပေးရန် အရေးဆိုနေစဉ် သျှမ်းစော်ဘွားများကောင်စီက ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော ဗမာပြည်အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် ဗမာပြည်ကိုသာ ကိုယ်စားပြုပြီး သျှမ်းပြည်နှင့် တောင်တန်းဒေသ များ၏ကိုယ်စားလှယ် မဟုတ်ကြောင်း ဗြိတိသျှအစိုးရထံသို့ ကြေးနန်းစာပေးပို့သည်။
ကြေးနန်းစာပါ အချက်များ
၁- ဗမာမင်းများလက်ထက်အတည်းက သျှမ်းပြည်သည် သီးခြားနယ်အဖြစ်တည်ရှိကြောင်း။
၂- ဗမာပြည်အား လွတ်လပ်ရေးပေးရန် ဆုံးဖြတ်ပါက ဖက်ဒရယ်သျှမ်းပြည်သညလည်း လားတူအခွင့်ရေး ရသင့်ကြောင်း
၃- သျှမ်းပြည်သည် ဗမာပြည်မနှင့် ပူးပေါင်းရန် အချိန်မကျရောက်သေးကြောင်း
၎- စော်ဘွားများအား အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးများတွင် စီမံခန့်ခွဲခွင့်ကို အပ်သင့်ကြောင်း၊
၅- သျှမ်းပြည်နှင့် နယ်ချင်းစပ်နေသော တိုင်းပြည်များနှင့် လွတ်လပ်စွာဆက်ဆံခွင့် ပေးသင့်ကြောင်း၊
၆- သျှမ်းပြည်သည် အခြားတောင်တန်းဒေသများနည်းတူ နယ်ခြားဒေသ အုပ်ချုပ်ရေး၏ ဘောင်အတွင်း၌သာ နေထိုင်လိုကြောင်း၊
၇- ဗမာပြည်နှင့် ပူးပေါင်းရမည်ဆိုပါက သျှမ်းပြည်တွက် လုံးဝကိုယ်ပိုင်အုပ်ချုပ်ရေးရရှိမည်ဟူသော မှုဖြင့်သာ ဆွေးနွေးလိုကြောင်း။
၈- ပြည်ထောင်စုနိုင်ငံအတွင်းမှ ခွဲထွက်လိုလျှင် ခွဲထွက်နိုင်ခွင့်ကို နောင်ရေးဆွဲမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အာမခံချက်ပေးရမည် ဖြစ်ကြောင်း ဟူ၍ပါရှိသည်။
သျှမ်းပြည်လွတ်လပ်ရေးအဖွဲ့ (ရပလ) ဗြိတိသျှအစိုးရထံသို့ ကြေးနန်းစာပေးပို့ခြင်း
သျှမ်းပြည်စော်ဘွားများက ဗိုချုပ်အောင်ဆန်းဦးဆောင်သော ဗမာပြည်အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် သျှမ်းပြည်အတွက် ကိုယ်စားမပြုကြောင်းဟူ၍ ဗြိတိသျှအစိုးရထံသို့ ကြေးနန်းစာပေးပို့ကြောင်း ကြားသိရသည့်အခါ (ရ.ပ.လ)အဖွဲ့သည် တောင်ကြီးမြို့ ဈေးနေ့တွင် ပြည်သူလူထု (၂၀၀၀)ကို စုစည်း၍ လုထုအစည်းဝေး တရပ်ကျင်းပပြီး ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာပြည်နှင့်တောင်တန်းဒေသ နယ်မြေများအတွက် တပြိုင်တည်းလွတ်လပ်ရေးပေးရန် လန်ဒန်တွင် အရေးဆိုနေကြောင်း၊ ထို့ကြောင့် ဗမာပြည်နှင့်အတူ သျှမ်းပြည်ကိုပါ လွတ်လပ်ရေး တပြိုင်တည်းချက်ချင်းပေးရန် ဗိုလ်ချုပ်အောင်ဆန်းအား တညီတညွတ်တည်း ထောက်ခံကြောင်း အဆိုတင်သွင်းပြီး ထောက်ခံအတည်ပြုကြသည်။
ကြေးနန်းစာပါအချက်များ
၁- ဗိုလ်ချုပ်အောင်ဆန်းကို သျှမ်းပြည်လူထုက ထောက်ခံကြောင်း
၂- ဗမာပြည်နှင့်အတူ သျှမ်းပြည်ကို လွတ်လပ်ရေး တပြိုင်တည်းချက်ချင်းပေးရန် တညီတတညွတ်တည်း တောင်းဆိုကြောင်း၊
၃- သျှမ်းပြည်လူထုသည် ပဒေရာဇ်စံအောက်မှ မနှေးအမြန် လွတ်မြောက်ရေးကို တောင်းဆိုကြောင်း သိရှိရသည်။
(ရ.ပ.လ) အဖွဲ့ခေါင်းဆောင်များ ဖြစ်ကြသော ဦးထွန်းမြင့် (လင်းခေး)၊ ဦးတင်အေး၊ ဦးထွန်းမြင့်လေး (တောင်ကြီး) ဦးခွန်ထီး၊ ဦအုန်းဖေ၊ ဦးရွှေအုံး၊ ဦးစံဖေစသည့် ပုဂ္ဂိုလ်တို့သည် ယင်းကာလတွင် အာဏာပိုင် အဖွဲ့အစည်းများ မဟုတ်ကြပေ၊ တရာဝင်နိုင်ငံရေး အဖွဲ့အစည်းတခုလည်း မဆိုနိုင်၊ သျှမ်းပြည်တွင်နိုင်ငံရေးပါတီ အဖွဲ့စည်း လွတ်လပ်စွာ ဖွဲ့စည်းခွင့်မရရှိသည့် ကာလလည်းဖြစ်သည်။ ယင်း ပုဂ္ဂိုလ်များသည် ပဒေရာဇ် စနစ်ကို ဆန့်ကျင်ပြီး ဗမာပြည်နှင့် သျှမ်းပြည်တောင်တန်ဒေသနယ်မြေများ တပြိုင်တည်းလွတ်လပ်ရေးရယူ၍ အမျိုးသားပြည်နယ်ပေါင်းစု ပါဝင်ဖွဲ့စည်းထားသော တန်းတူသည့် ပြည်ထောင်စု နိုင်ငံတော် တည်ထောင်းရေးကို မျှော်လင့်အား ကြီးစွာဖြင့် စွမ်းစွမ်းတမံ တက်တက်ကြွကြွ လူပ်ရှားကြသည့် လူငယ်တစုပင်ဖြစ်သည်။
ဖက်ဒရယ်သျှမ်းပြည်ထောင်စု သျှမ်းစော်ဘွားများ နယ် (၃၃)နယ် ပါဝင်စုစည်းထားသည်၊ ထို့ကြောင့် တောင်ကြီးမြို့ဈေးနေ့တွင် လာရောက်ကြသော လူထု (၂၀၀၀) အရေအတွက်သည် သျှမ်းပြည်လူထုအား ကိုယ်စားပြုသည်ဟု မဆိုနိုင်ပါ။
သျှမ်းစော်ဘွားများကောင်စီက ဗိုလ်ချုပ်အောင်ဆန်းသို့ ပေးပို့သော ကြေးနန်းစာသည် အလွန်အရေး ပါကြောင်းကို ပင်လုံစာချုပ် အပိုဒ်- ၄ ၊တွင် ဗမာပြည်အစိုးရနှင့် ဗြိတိသျှအစိုးရ (အောင်ဆန်း အက်တလီစာချုပ်) သဘောတူညီချက်များ သျှမ်း၊ ကချင် တို့နှင့် ပတ်သက်ခြင်း မရှိစေရဟူ၍ ပါရှိသည်ကိုသိရသည်။
ဒုတိယပင်လုံညီလာခံနှင့် ပင်လုံစာချုပ်
(က)ပင်လုံအလာ ကွတ်ခိုင်တွင်ကချင် ကိုယ်စာလှယ်များ အစည်းဝေးပြုလုပ်ခြင်း
ကချင်ကိုယ်စားလှယ်များက ပင်လုံညီလာခံသို့ တက်ရောက်ရန်လာကြစဉ် ၁၉၄၇ ခု၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ ကွတ်ခိုင်နယ်နမ့်ဖတ်ကာရွာတွင် ကြိုတင်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အောက်ပါလိုလားချက်များကို တညီတညွတ်တည်း ချမှတ်ခဲ့ပါသည်။
(၁)ကချင်အမျိုးသားများဟာ ဗမာအမျိုးသားတွေနှင့် တပြိုင်တည်းလွတ်လပ်ရေးရန်။
(၂)ကချင်အမျိုးသားများရဲ့ ဆန္ဒနဲ့အညီ ကချင်သီးခြားလွှတ်လပ်တဲ့ နိုင်ငံထူထောင်ရန်အတွက် ကချင် အမျိုးသားပြည်နယ်ဖွဲ့စည်းရန်။
(၃)လွတ်လပ်တဲ့ ကချင်သီးခြားနိုင်ငံထဲမှာ ဗန်းမော်နဲ့ မြစ်ကြီးနားခရိုင်များ၊ ကချင်တောင်တန်း ဒေသများနဲ့ ကသာမြို့ရဲ့ မြောက်ဘက် မြေပြန့်ဒေသများပါဝင်စေရန်။
(၄)ဗမာအမျိုးသားများနဲ့ ကချင်အမျိုးသားများ၊ နှစ်ဦးနှစ်ဘက် လက်ခံနိုင်တဲ့နယ်နမိတ် ချက်ချင်းသတ်မှတ်ရန်။
(၅)နယ်နမိတ်သတ်မှတ်ပြီးပြီးခြင်း မြန်မာပြည်ဘုရင်ခံလက်တွင်ရှိတဲ့ အခွင့်အဏာများ၊ ကချင်အမျိုးသားများလက်သို့ ပေးအပ်ရန်နဲ့ မြန်မာပြည်ကြားဖြတ် အစိုးရအဖွဲ့မှာ ကချင်အမျိုးသား ၀န်ကြီးတဦး ခန့်အပ်ရန်။
(က) ကချင်ဝန်ကြီးသည် သီးခြားကချင်ပြည်နယ်တွင် ပြည်ထဲရေးဝန်းကြီးတာဝန် ထမ်းရွက်ရန်။
(ခ) ကချင်ဝန်ကြီးမှာ နိုင်ငံခြားရေးနဲ့ ဘဏ္ဍာရေးကိစ္စများတွင် ပါဝင်နိုင်ရန်။
(ဂ) ကာကွယ်ရေးဝန်ကြီးကို အကြံပေးရန်အတွက် ကချင်အမျိုးသားတဦး ခန့်ထားပေးရန်။
(၆) ကချင်သီးခြားပြည်နယ်သည် သျှမ်းသီးခြားပြည်နယ်နဲ့မတူ မြန်မာတနိုင်ငံလုံး စောလျင်စွာ လွတ်လပ်ရေးရရှိ ရန်အတွက် တိုင်းပြုပြည်ပြုလွှတ်တော်မှာ ချက်ချင်းပါဝင်ကြရန်။
(၇) အထက်မှာ ဖော်ပြတဲ့အတိုင်း မြန်မာ အမျိုးသားအားလုံး လွတ်လပ်သည့် မြန်မာပြည်ထောင်စု အစိုးရဖွဲ့စည်းရန်။ ခြွင်းချက်။
(က) သီးခြား ကချင်နိုင်ငံက ပြည်ထောင်စုအတွင်း ပါဝင်မည် မပါဝင်ဘူးဆိုသည့် ကိစ္စကို သီးခြား ကချင်နိုင်ငံရဲ့ ပြည်သူလူထုကသာ ဆုံးဖြတ်ရမည်။
(ခ) ပြည်ထောင်စု ဖွဲ့စည်းပြီးသည့်နောက်တွင် ကချင်အမျိုးသားများသည် လွတ်လပ်စွာခွဲထွက်ခွင့်ရှိရမည်။
(၈) အထက်ပါတညီးညွတ်တည်း ဆုံးဖြတ်ချက်များကို နယ်ခြားဒေသလူမျိုးများအားလုံး၏ သဘောတူညီမှုကို ရယူရန်။
လက်မှတ်ရေးထိုးကြသူများ…
(၁) ဆမားဒူဝါဆင်ဝါးနောင် (မြစ်ကြီးနား)
(၂) ထင်ငါကွန်ဂျာ (မြစ်ကြီးနား)
(၃) ဇော်နော် (မြစ်ကြီးနား)
(၄) ဇော်ရစ် (မြစ်ကြီးနား)
(၅) ကရင်နော် (မြစ်ကြီးနား)
(၆) ဒိန်ရတန် (မြစ်ကြီးနား)
(၇) ချရန်ဇွန် (မြစ်ကြီးနား)
(၈) တောင်ဦး (မြစ်ကြီးနား)
(၉) ဇော်လ (ဗန်းမော်)
(၁၀) ဒူဝါဇော်လွန်း (ဗန်းမော်)
(၁၁) ပံရန်းလ (ဗန်းမော်)
(၁၂) လဘန်ဂရောင် (ဗန်းမော်)
(၁၂) လဘန်ဂရောင် (ဗန်းမော်)
(ခ) ၁၉၄၇ ခုနှစ်၊ ဖေဖေါ်ရီလ ၆ရက်နေ့ မွန်းလွှဲ ၂ နာရီခွဲအချိန်တွင် ပင်လုံမြို့၌ကျင်းပသော သျှမ်းနှင့် ကချင်ကော်မတီအစည်းဝေး၏ ဆုံးဖြတ်ချက်..
အနာဂတ်ပြည်ထောင်စုမဖွဲ့စည်းမီ ကြားဖြတ်ကာလအတွက် ဗမာပြည်မနှင့် ဘယ်ပုံဘယ်နည်း ပူးပေါင်းဆက်သွယ်မည်ကို ၁၉၄၇ ခုနှစ်၊ ဖေဖေါ်ဝါရီ ၆ ရက်နေ့ ပင်လုံတွင်ကျင်းပသော သျှမ်းစောဘွား ကိုယ်စားလှယ်များ သျှမ်းလူထု ကိုယ်စားလှယ်များ ကချင်ခေါင်းဆောင်များပါဝင်သော အစည်းအဝေး အောက်ပါအတိုင်း ဆုံးဖြတ်ကြသည်။
၁၉၄၇ ခု ဖေဖေါ်ဝါရီ ၃ ရက်နေ့မှ ၁၃ ရက်နေ့ထိကျင်းပသော ဒုတိယပင်လုံညီလာခံတွင် နယ်စပ်ဒေသ ခေါင်းဆောင်များသည် အနာဂတ်ပြည်ထောင်စု ဖွဲ့စည်းရေးနှင့်ပတ်သက်၍ တိုင်းပြုပြည်ပြု လွှတ်တော်သို့ တက်ရောက်ရန် တညီတညွတ်တည်း သဘောတူကြသည်။
ဤသို့ဖြင့် ပင်လုံမှလါသော မီးပွါးတစ အပိုင်းတစ်ကို တင်ပြလိုက်ရပါသည်။
ဖက်ဒရယ် ပြည်ထောင်စုတို့ တက်လှမ်းလို့သော အနာဂါတ် တိုင်းရင်းသား လူငယ်များ အတွက် ရည်ညွန်း၍ တင်ပြလိုက်ရပါသည်။
(မှတ်ချက် သျှမ်းခေါင်းဆောင်ဆို၍ ယခု သျှမ်းပြည်တွင်းရှိ သျှမ်းခေါင်းဆောင်များကို ဆိုလိုသည်။ မြန်မာပြည်မြောက်ပိုင်း သျှမ်းလူမျိုး များ၏ ခေါင်းဆောင်များ ပါဝင်ခွင့် မရရှိခဲ့ပေ။)
အပိုင်း (၂)
ရှေ့လဆက်ရန်....
ဤသို့ဖြင့် ပင်လုံမှလါသော မီးပွါးတစ အပိုင်းတစ်ကို တင်ပြလိုက်ရပါသည်။
ဖက်ဒရယ် ပြည်ထောင်စုတို့ တက်လှမ်းလို့သော အနာဂါတ် တိုင်းရင်းသား လူငယ်များ အတွက် ရည်ညွန်း၍ တင်ပြလိုက်ရပါသည်။
(မှတ်ချက် သျှမ်းခေါင်းဆောင်ဆို၍ ယခု သျှမ်းပြည်တွင်းရှိ သျှမ်းခေါင်းဆောင်များကို ဆိုလိုသည်။ မြန်မာပြည်မြောက်ပိုင်း သျှမ်းလူမျိုး များ၏ ခေါင်းဆောင်များ ပါဝင်ခွင့် မရရှိခဲ့ပေ။)
အပိုင်း (၂)
ရှေ့လဆက်ရန်....
ကျားပေါက်