*အနာဂတ်လူငယ်များ မိမိအမျိုးသားဂုဏ် ဖေါ်ဆောင်နိုင်ကြပါစေ*

Sunday, September 20, 2009

ဥတ္တရစောဖြူရဲ့ ပျောက်ဆုံးသွားသော ရွှေမြို့တော်

ရှေးလွန်လေပြီးသော အတိတ်နှစ်ပေါင်း (၂၅၀၀)ကျော်၊ ဘီစီ(၅၄၄-၅၈၉)ခန့်တွင် ဂေါတမမြတ်စွာ ဘုရားသခင်သည် အနာဂတ် သာသနာတော်တွင် ဖြစ်ပေါ်တွေ့ကြုံမည့် အရေးမျော်တွေး သိမြင်တော်မှုသဖြင့် အခါတစ်ပါးသော မဇ္စျိမဒေသမှ ညီတော် အာနန္ဒာနှင့်တကွ ကောင်းကင် ခရီးဖြင့် ဒေသစာရီကြွချီတော်မှုရာ ယခုအင်းတော်ကြီး ဖြစ်တည်သည့်ဒေသနှင့် ရွှေမဉ္စူ ဘုရားတည်ရှိ သည့်နေရာ၌ ခေတ္တရပ်တန့်ပြီး နာဌာဂီရိတောင် (ဆင်ခေါင်းတောင်)ထိပ်တွင် ရပ်တန့်တော်မှု၏။ နောင်အခါ အနာဂတ်ကာလ၌ အင်းကြီးဖြစ်တည်လတ္တံသော ကြောင်းချင်းရာနှင့် သာသနာတော်ထွန်းလင်း တောက်ပသည့် ဗုဓမြတ်ဘုရား၏ ဓါတ်တော်မွေတော်များ ကိန်းအောင်းတော်မှုရာ စေတီတော် ဘုရား တည်ရှိလတ္တံ့သော ဗျာဒိတ်စကား မိန့်ကြားတော်မှု ခဲ့လေသည်။

မှတ်ချက်။ ။ဗျာဒိတ်တော် ပေးတော်မှုစဉ် ရပ်တန့်တော်မှုရာတောင်၏ အမည်ကိုရှေးသမိုင်း မှုများအရအမည် ကွဲများရှိသော်လည်း နာဌာဂီရိ(ဆင်ခေါင်း) တောင် ဟူ၍သာ အစဉ်အဆက်မှတ်သားရပေသည်။
သာသနာတော် သက္ကရာဇ် ၂၃၀-ခုနှစ်တွင် နဂါးအမျိုး(၄)မျိုး အကျယ်(၁၁၂၄)မျိုးအနက် ဧရာပတ္တနဂါး မျိုးသားအဖ(၃)ဦးနှင့် နဂါးပေါင်း(၃၈၀၁၂)တို့သည် ဘောဂ၀တီနဂါးပြည်မှ (အိုးသစ်၊ အိမ်သစ်၊ အင်းသစ်)ရှာရန် ထွက်ခွာခဲ့လေသည်၏။
သက္ကရာဇ်(၂၆၄)ခုနှစ်တွင် အိမ်ခြေကိုးသန်း ရှိသော(ပစ္စန္တရဂန္မာ)ဂုရုရာဇ်တိုင်းတွင် အိမ်ခြေ တစ်သောင်း၊ ကျောင်းပေါင်း တစ်ထောင်(ဗုဒ္ဒအယူ ကျောင်းချင်းမဟုတ်မူ၍ ၀ါဒဘာသာစုံ ကျောင်းပေါင်း စုံဖြစ်ဖွယ်) ရှိသော ဥတ္တရဌာနီ၊ စည်းခမ်း (သျှမ်းအခေါ်မြို့ကို တည်ထောင်တော်မူ၍) နောင်တွင် ဥတ္တရစောဖြူ (ထမံသီမျိုး စောဝ်ဆေးဖိတ် ကျားဖြူမင်း) စိုးစံအုပ်ချုပ်လေသည်။

သက္ကရာဇ် ၃၆၀-ခုနှစ်၊ ဘီစီ(၁၈၄)တွင် တောင်မြောက်အလျား(၈)တိုင်၊ အရှေ့အနောက်အနံ (၄)တိုင် (ယခုအခေါ် တစ်တိုင်လျှင် နှစ်မိုင်) ကျယ်ဝန်းသော အင်းကြီးကို ရေနတ်နဂါးတို့၏ဘုန်းတန်ခိုး ဖြင့် ဖွဲ့တည်ခဲ့လေသည်ဟူ၏။ထို့ကြောင့် ဘောဂ၀တ နဂါးပြည်မှ နတ်နဂါးများ လာရောက်ပြီး (အိုးသစ် အိမ်သစ်)အင်းအိုင်ဖွဲ့ တည်ခဲ့ကြသည် ဆိုသောအချက်သည် ရှေးအဆက်ဆက်သော အင်းတော်ကြီးသမိုင်းအရခိုင်လုံစွာ ရေးဆိုတင်ပြ မှတ်တမ်းတင်ခဲ့သည်။
ဂေါတမဘုရားရှင် လက်ထက်တွင် သုနာပရန္တတိုင်းဟူ၍ ခေါ်တွင်သော တိုင်းနိုင်ငံ၏ မြောက်ဘက်နောင်တွင် ဂုရုရာဇ်တိုင်း စိနရဌ(စိမ့်)တိုင်းဟူ၍ အသီးသီးခေါ်တွင် ခဲ့လေသည်။ သာသနာသက္ကရာဇ် ၃၆၀-ခု(ဘီစီ-၁၈၄)တွင် ဂုရုရာဇ်တိုင်း ဥတ္တရဌာနီ စည်းခမ်းမြို့ကြီးကို (ထမံသီ) သျှမ်းလူမျိုး ဥတ္တရစောဖြူမင်း တည်ထောင်ပြီးသည်မှ နှစ်ပေါင်း၉၆နှစ် ပြည့်မြောက်သောနှစ် ပေတည်း။
ဤအင်းတော်ကြီးဖြစ်ပေါ်မလာမီ ရှေးနှစ်ပေါင်းများစွာက ဤအင်းတ်ာကြီး နေရာတွင် လူဦးရေ ကိုးသန်းရှိသော စည်းခမ်းမြို့တော်ကြီး ဖြစ်ခဲ့ဘူးလေသည်၊ ကုရုရာဇ်တိုင်း ဥတ္တရဌာနီဖြစ်သော စည်းခမ်းမြို့တော်ကြီးကို အစိုးရတော်မူသော မင်းကြီးကား ဥတ္တရစောဖြူမင်း ဖြစ်လေသည်။
ထိုစဉ်က ဥတ္တရဌာနီဖြစ်သော စည်းခမ်းမြို့သို့ ဗုဒမြတ်စွာသာသနာတော် မသက်ရောက်သေးချေ၊ များစွာကုန်သော တိုင်းသူပြည်သားများသည် ကုသိုလ် တရား အကုသိုလ်တရားနှင့် ထိုတရားတို့၏ အကျိုးဆိုသည်ကို လုံးဝ ကြားဘူး ခြင်း မရှိကြခေ။ ကုသိုလ်-အကုသိုလ်ကို ခွဲခြား၍ မသိတတ်ကြသည့် အားလျော် စွာ ကိုယ်ကျင့်တရားများလည်း လွန်စွာ ပျက်ပြားကြ၏ တဦးနှင့်တဦး ငဲ့ညှာ ထောက်ထားမှုမေတ္တာ ကရုဏာဆိုသည်မှာလည်း လွန်စွာဝေးကွာလျက် လစ်လျှင် လစ်သလို သူ့အသက်ကိုသတ်ခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ သူ့သားမယား ပြစ်မှားခြင်း၊ သေရည်သေရက် သောက်စားခြင်းတို့ဖြင့် မှောင်ကြီးကျလျက် ရှိလေသည်။
၎င်းတို့၏ မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာဝါယာမ၊ မိစ္ဆာသမားဓိတို့သည်လည်း ၎င်းတို့နှင့်တူစွာ ယုတ်မာသော အကျိုးကိုပေးတတ်သည်၊ သို့ဖြစ်၍ လူသေကို ဖုတ် သွင်းခြင်း၊ သူတပါးအား ပြုစားခြင်း၊ အံ့ဖွယ်သရဲကို ဆောင်ခြင်းစသော အောက် လမ်း(၀ါမတန္တရ) ၀ါဒများ လွန်စွာ ထွန်းကား၍ အထူးသဖြင့် လူသားစင်စစ်က ကျား ဖြစ်သည်ဆိုသော ကျားအဖြစ် ဖန်ဆင်းနိုင်သော အစွမ်းသတ္တိ (Will Power) ထမံသီ အတတ်များ ပြန့်ပွားလျက် ရှိလေသည်။
*စည်းခမ်းမြို့ရှင် ဥတ္တရစောဖြူမင်း၌ သားတော်-သမီးတော်မြောက်မြားစွာရှိ ရာသားတော်ကြီး ဥပရာဇာသည် တမန်သည်အတတ်ကို တတ်၍ တခါတရံ ကျား ဘ၀ဖြင့် တော်ကစားထွက်တော်မူလေ့ရှိသည် သားတော်ကြီး ကျားဖြစ်သောအခါ အခြားသော သူများကဲ့သို့ ကျားဝါခြင်း၊ နက်ခြင်း၊ ပျောက်ခြင်း၊ကျားခြင်း၊ မရှိပဲ ၀ါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူသော အဆင်းရှိသောကြောင့် အများက သားတော် ကြီးအား စောင်ဆေးဖိတ်ဟု ခေါ်ဝေါ်ကြလေသည်။
စောင်ဆေးဖိတ်မင်းသား ကျားဖြစ်သောအခါ လက်စွဲတော်များသည် မင်းသား၏ အ၀တ်တန်ဆာများကို ဆောင်ယူ၍ မင်းသားကျား ဖြစ်ရာသို့ သွားရောက်ကာ အ၀တ်တန်ဆာများကို ပြခြင်း အမည်ကိုခေါ်ခြင်းဖြင့် ကျားစိတ် ပျောက်၍ လူစိတ်ဖြစ်ပေါ်လာအောင် ပြုလုပ်၍ လူဖြစ်သို့ ပြန်ရောက်လာသော မင်းသားအား ပြန်လည် ခေါ်ဆောင်ကြရလေသည်။
တရက်သောအခါ မင်းသားစောင်ဆေးဖိတ်သည် လက်စွဲတော်များဖြင့် တောကစားလှည့်လည်စဉ် တခုသောတောအုပ်၌ တောဝက်များကို မြင်တွေ့ကြ လေသည်၊ သူတို့သည် လက်နှက်စုံကိုင်စွဲ၍ တောဝက်များကို လိုကကြသော လည်း တောဝက်များကို မမိနိုင်ပဲ ကျန်ရစ်ကြလေသည်။
ထိုအခါ စောင်ဆေးဖိတ်မင်းသားက ငါသည် ကျားယောင်ဆောင်၍ တောဝက်များကို လိုက်မည် အချိန်မီ ငါမပြန်လာပါက ငါ့နောက်သို့ လိုက်ခဲ့ကြဟု ပြောပြီးလျှင် ထမံသီ အတတ်ဖြင့် လူစင်စစ်မှ ကျားအဖြစ်သို့ ပြောင်းလဲ၍ ၀က်များ နောက်သို့ လိုက်လေသည်။
ထိုအခါက ထိုအရပ်တွင် အဝေးပစ် လက်နက်မျိုးဖြစ်သော လေး၊ သေနတ် စသည်တို့ မပေါ်သေးချေ၊ ထို့ကြောင့် လူတို့သည် ဓါး လှံစသော လက်နက်များ ဖြင့်သာ တောကောင် များကိုနှိမ်နှင်းကြရသည်၊ ဓါး လှံစသည်ဖြင့် နှိမ်နှင်း၍ မရသော အခါ ဤသို့သော ထမံသီအတတ်ဖြင့် ကျားအဖြစ် ကူးပြောင်းကာ တောကောင်များနောက်လိုက်၍ ကိုက်သတ်ကြလေသည်၊ ထိုသို့ကိုသတ်ရာ၌ လူသားဖော်ပါရသေးသည်။
သို့သော် ကျားအဖြစ်သို့ ရောက်သောအခါ ဘ၀ကိုမေ့၍ အဖော်ကိုလည်း ပြန်ကိုက်တတ်သောကြောင့် ကျားအဖြစ် မကူးပြောင်းမီ အဖော်ဖြစ်သူသည် ကျား ခုန်၍ မမီနိုင်လောက်သော သစ်ပင် အဖျားသို့တက်၍ နေရလေသည်၊
လူသားက ကျားဖြစ်ပြီးနှောက် အဖော်လူသားကို သုံးကြိမ် တိုင်တိုင် ခုန်ထိုး ပြီးမှတောနက်သို့ဝင်၍ သားကောင်များနောက်လိုက်လေသည်။
သစ်ပင်ထိပ်မှ လူသားက ကျားလိုက်၍ သားကောင်အော်သံများကို မှတ်သားထားရလေသည် အဘယ်ကြောင့် ဆိုတော် ကျားဘ၀မှ လူပြန်ဖြစ်လာသူ သည် မိမိကျားဘ၀ကအကြောင်းများကို မေ့တတ်သောကြောင့်ဟု ဆိုလေသည်။
ဤသို့လိုက်သော သားကောင်ကိုကိုက်ပြီးလျှင် သစ်ပင်ပေါ်ကလူက ကျားဖြစ်သူ၏အမည်ကိုခေါ်ရသည်၊ နာမည်ခေါ်သံကြားလျှင် ကျားသည် သတိ ရ၍ လူ့ဘ၀အဖြစ် ပြောင်းလဲသွား၍ တခါတရံခေါ်ရုံနှင့် သတိမရလျှင် ၎င်း၏ လူသားဘ၀က အ၀တ်အထည်များကို ပြပေးရသည်၊ မိမိ၏ အ၀တ်အထည်ကို မြင်လျှင်လည်း သတိပြန်လည်၍ လူ့ဘ၀သို့ ပြန်ရောက်လာသည်ဟုဆိုလေသည်။
ထိုကြောင့် စောင်ဆေးဖိတ်မင်းသားသည် တောဝက်များကို ကိုက်ရန် ကျား အဖြစ်ပြောင်းလဲ၍ တော်တွင်းသို့လိုက်သွားခြင်းဖြစ်လေသည်။ စောင်ဆေးဖိတ် မင်းသား ဤသို့ကျားဘ၀ဖြင့် တောကစားထွက်သည်မှာ ဤတကြိမ်သာမဟုတ် အကြိမ်ပေါင်းများခဲ့ချေပြီ။
ရှေးအခါကဆိုလျှင် ဤသို့ကျားဘ၀ဖြင့်တောကောင်များ ကိုကိုက်ထားခဲ့ပြီး လက်စွဲတော်များ၏ ခေါ်ယူချက်ဖြင့် လူ့ဘ၀သို့ မကြာမတင် ပြောင်းလဲခဲ့သည်။ ယခုအခါသောကား မင်းသားသည် နယ်လွန်၍ သွားခဲ့ချေပြီ ၊
စည်ခမ်းမြို့မှတောင်ဘက်သို့ကျော်ဆင်းသောအခါ သစ်ပင်ချုံနွယ်များ အလွန်ထူထပ်သော တောတောင်အဆင့်ဆင့်တို့ကို ကျော်လွန်၍ မှန်ကင်းတောင် တန်းကို ခြေနင်းမိလေသည် မှန်ကင်းတောင်တန်းကို လျှောက်၍ မနေမနားသွား သောအခါ ပေပေါင်း ၁၆၀၀ ကျော်မြင့်သော မိုင်သုံတောင်ထိပ်ကိုစီးမိလေသည်၊ မိုင်းသုံတောင်ထိပ်မှ ကြည့်သောအခါ ပတ်ဝန်းကျင်သည် အလွန်သာယာလျက်ရှိ ရကား စောင်ဆေးဖိတ် ကျားဖြူမင်းသားသည် ထိုမိုင်းသုံတောင်၌ စခန်းချကာ အရှေ့ဘက်တွင် ဧရာဝတီမြစ်ဝှမ်း အထိ အနှောက်ဘက်တွင် ချင်းတွင်းမြစ်ဝှမ်း အထိ ချမ်းမြေ့စွာကျက်စားနေထိုင်ခဲ့လေသည်။
ကျားဖြူမင်းနေရာ မိုင်းသုံတောင်သည် ၀န်းသိုမြို့၏ မြောက်အရပ်၌တည်ရှိ သည်၊ မိုင်းသုံဟူသောအမည်သည် ရှမ်းဘာသာဖြစ်၍ မိန်း-မိုင်း ဟူသော ရှမ်း စကားမှာ မြန်မာဘာသာအားဖြင့် (မြို့)ဟုဆိုသည်၊ (သုံ)ဟူသည်ကား ရှမ်း ဘာသာအားဖြင့် ကျားဟော၊(ဆေ) ဟူသောပုဒ်ကို မြန်မာတို့က (သေ) ဟုအသံ ထွက်၍ စကားကိုပီပြင်စွာမဆိုတတ်သောကြောင့်သေကို (သုံ)ဟုခေါ်ဆိုခဲ့ကြ သည်၊ ထို့ကြောင့် သုံသဒ္ဒါသည် ရှမ်းဘာသာအားဖြင့် ဆေးဟုခေါ်သော ကျားဟောပုဒ် ဖြစ်လေသည်။
ကျားဖြူမင်းသား နေထိုင်ရာမြို့ဖြစ်သောကြောင့် (မိုင်းသုံ)ဟုခေါ်ဝေါ်ကြ ခြင်းဖြစ်ပါသည်။

ဤသို့ ယုတ်မာသော ဒုစရိုက်အတတ်ပညာများ ထွန်းကာနေသောကြောင့် လည်း နောင်သောအခါ ထိုလူများကို နဂါးများက အင်းဖွဲ့၍သတ်ပစ်ကြောင်း၊ အင်း တော်ကြီးသမိုင်းပြဆိုလေသည်။
****
လေးမျိုးသော နဂါးတို့တွင် ဧရာပတ္တ နဂါးမျိုးဖြစ်သော နဂါးမင်းသားသည် ဥတ္တရစောဖြူမင်း စိုးစံသော ဂုရုရာဇ်တိုင်း ဥတ္တဌာနီ စည်းခမ်းမြို့ကြီးကို အင်းဖွဲ့ရန် ရွှေတာင်နတ်မင်းကြီး၏ အမိန့်ကိုရရှိ သောအခါ ရေနတ်နဂါးမင်းသားက စဉ်းစားတော်မှုသည်မှာ ဤ ထမံသီ လူမျိုးများနေ ထိုင်ပျော်ပါး သောမြို့ကိုငါအင်းဖွဲ့လိုက်သော် တိုင်းနေပြည်သူလူတို့ သေကြေ ပျက်စီးကြတော့မည်၊ ထိုသူတို့သေ ကြေလျင် ငါ၌ ပါဏာတိပါတကံ ထိုက်၍အပါယ်ငရဲ၌ ဆင်းရဲကြီးစွာ ခံစားရလိမ့်မည် ဤနေရာကလွဲ လျှင်လဲအခြားနေရာကို ငါသဘောမကျ မနှစ်သက်ခဲ့၊ ဟယ် သို့သောလည်း ဤတိုင်းသူပြည်သား လူအများတို့သည်

တရားလည်းမကပ်ကြ၊ ကိုယ်ကျင့်သီလမရှိကြ ငါးပါးသီလကို တစ်ပါးမျှ မတည် အောင် ကိုယ်ကျင့်တရားများ အလွန်ပျက်ပြားကြသည်၊ နေ့စဉ်ညတိုင်း ထိုင်းမှိုင်းတွေ ဝေ၍ ငါးပါးအာရုံ ကာမဂုဏ်ကို စုံစုံမက်မက် နှစ်သက်ပျော်ပါးသူသာ များလေသည်၊ သို့ဖြစ်သည်ကြောင့် အလီလီ တွေးဆ၍ ညသန်းခေါင်ရံအခါ အာကာသ ကောင်းကင်ယံတွင် နတ်မြင်းပျံစီးပြီး ကြီးစွာသော အသံဖြင့် ကြွေးကြော် လေသည်မှာ ဤတိုင်းပြည်၌ နေထိုင်ကြကုန်သော အသင်မနုဿ လူသားတို့သည် ရှေ့ ခုနှစ်ရက် တိုင်လျင် သင်တို့တိုင်းပြည် ရေပြင်အတိ အင်းကြီးဖြစ်လိမ့်မည်၊ ခုနှစ်ရက်မတိုင်ခင် အကြားခရီးဝေးစွာ ထွက်ခွာသွားကြကုန်လော့ အကယ်၍ မသွားဘဲနေကြလျှင် ရေမွန်းနှစ်၍သေကြ ကုန်လတ္တံ့ဟု တစ်တိုင်း ပြည်လုံးကြားလောက်အောင် သုံးကြိမ်သုံးခါတိုင်တိုင် ကြွေးကြော်လေ၏ ဤသို့တစ်ပြည်လုံး ကြားလောက်အောင် ကြွေးကြော်ပါသောလည်း တိုင်းသားပြည်သူများ ဗိုလ်လူတို့၏ မကောင်းမှု ကံစီမံဖန်တီးသဖြင့် အသက်ကြီးသော မုဆိုးမ အဒေါ်အိုတစ်ယောက်အပြင် မည်သူမျှ မကြားမသိကြချေ၊ နံနက် မိုး လင်းသောအခါ အဒေါ်အိုမုဆိုးမက တအိမ်တက်တအိမ်ဆင်းသွား ရောက် ပြောကြားသော်လည်း အယုံ တရားမရှိကြဘဲ အီမုဆိုးမသည် မလှသောမျက်နှာ မသာယာ သော မျက်ခွက်ဖြင့် ငါတို့အား လိမ်လည်လှည့်ဖြား မဟုတ်မမှန်သော စကားကိုပြောကြားလေသည်၊ ငါတို့ဘိုးဘွား မိဘကစ၍ ငါတို့လက်ထက် ကျအောင် ဤတိုင်းပြည်နဂရတွင် ထာဝရကြာရှည်စွာ နေထိုင်ခဲ့ကြသည်၊ ဘယ်အခါဘယ်ကာလမှ မကြားစဘူးထူးဆန်းသော အီစကားကို အဒေါ်အိုမုဆိုးမ ပြောကြားသည် ရူးချင်သလားမသိဟု လူစုပြီးပြန်ပြောဆဲရေး ဆိုလိုက်ကြကုန်သတည်း၊ အဒေါ်အိုက ထိုထိုအိမ်ထက်သို့ တက်၍ တဖန်ဝေးရာသို့ရွေ့ပြောင်း ထွက်ခွါသွားကြရန် သည်း ခံ၍ပြောသော်လည်း မိမိအား အရူးအနှမ်းဖြစ်အောင် မာန်ထောင်ဒေါသ ငေါငေါထ၍ အိမ်ထက်မှ မောင်းနှင်းခြင်းခံရသော ခုနှစ်ရက်မြောက်သောနေ့၌ အဒေါ်အိုသည် ဤမြို့ရွာရှိမိမိဆွေမျိုးညာတိ မြေး၊ မြစ်များကို အပါခေါ်ငင်၍ ဝေးစွာသောမြို့ အနောက်ဘက်တို့ ထွက်ပြေးကြလေသော် ရေနတ် နဂါးရာဇာက တေဇာကွန့်ဖြိုး နတ်တို့၏ တန်ခိုးအားဖြင့် အမျိုးမျိုးသော မိုးလ်းကြီးလေကြီး မြည်ဟီး ပြင်းချက် လျပ်တထိန်ထိန် အရှိန်ရဲရဲနှင့် ၀င်းနဲလျှပ်ကနဲ မိုးကလည်း သဲသဲမဲမဲရွာချလေသည်။ ထိုအခါ မုဆိုးမသည် ကုန်းမောက်သေလာ ယခုလွဲမွန် ကျေးရွာ၏ ဒက္ခိဏာတောင်ဘက် ယခု အဘယဂီရိခေါ် တောင်ကုန်းပေါ်ထက်သို့ တက်ပြေး၍လာရင်း မိမိနောက်ကြော(အရှေ့)ဘက်သို့ မျှော်ကြည့်လိုက်လျှင် ထမန်သီလူမျိုး ဥတ္တရစောဖြူမင်း၏ ဥတ္တရဌာနီ စည်းခမ်းမြို့ကြီးသည် ရေပြင်အတိ အင်းကြီးဖြစ်၍ ပျောက် ဆုံးနေလေပြီ ကိုတွေ့မြင်ရ
လေတော့သည်။ ထိုမုဆိုးမ မျှော်မှန်းကြည့်ခဲ့သော တောင်ကို လွဲမုန် ဟုယနေ့တိုင်ခေါ်ဆိုနေဆဲဖြစ်သည် သျှမ်းဘာသာအားဖြင့် (လွဲ)သည် “တောင်၊” (မုန်)သည် “မျှော်” သည်ဟုအဓိပ္ပါယ် ရပါသည်။မုဆိုးမသည် ဥတ္တရဋ္ဌာနီစည်ခမ်းမြို့ တွင်မွေးဖွား၍ အရွယ်ရောက်သောအခါ သျှမ်းကလိမ်း ခနီး္တ (ထမန်သီ) လူမျိုးတစ်ယောက်နှင့် အိမ်ထောင်ကျလေည် လင်ယောက်ျားနောက်သို့ လိုက်ပါသွားပြီးနောက် သမီး (မင်းအပ်) ကိုမွေးဖွားပြီး လင်ယောက်ျား သေဆုံးလေ
သည်၊ သမီးမင်းအပ်လည်း အရွယ်ရောက်လျင် အိမ်ထောက်ကျ၍ သားကလေး (မောင်သာယ) ကိုမွေဖွားပြီး လင်ယောက်ျား သေဆုံးလေသည်၊ မုဆိုးမသည် ထိုမြို့ ထိုရွာတွင်ဆွေမျိုးရင်းချာ မရှိသဖြင့် သမီးမြေးနှစ်ယောက်နှင့် အတူ ဥတ္တရဋ္ဌာနီ စည်ခမ်းမြို့သို့ ပြန်ရောက်ပြီး နှစ်နှစ်အကြာတွင် ဥတ္တရဋ္ဌာနီစည်ခမ်းမြို့ကြီး အင်းဖြစ်လေတော့သည်။

ဥတ္တရစောဖြူမင်း၏ ပျောက်ဆုံးနေသော် ရွှေမြို့တော်၏ တည်နေရာသည် ပြည်ထောင်စု မြန်မာနိုင်ငံတော် (ကမ္ဘာ့)မြေပုံအရ အရှေ့လောင်ဂျီတွဒ် (၉၆ံ ၂၃`နှင့် ၉၇ံ)ကြားတွင်လည်းကောင်း၊ မြောက်လတ္တီတွဒ် (၂၅ံ နှင့် ၂၆ံ)ကြားတွင်လည်းကောင်း၊ မြန်မာနိုင်ငံ(အထက်) မြောက်ပိုင်း(ကချင် ပြည်နယ် မိုးညှင်းမြို့နယ်)တွင် တည်ရှိနေသည်။ အင်းတော်ကြီးအိုင်သည် ယေဘုယျခေါ်ဝေါ်အဆိုပြု ကြသည့်အကျယ်အ၀န်းပမာဏမှာ အလျား-၁၆မိုင်၊ အနံ-၈မိုင်ရှိသည်ဟုဆိုသည် သို့ရာတွင်မြန်မာ့ စွယ်စုံကျမ်း၌ အကြီးဆုံးသောအင်းသည် အလျား-၁၄မိုင်၊ အနံ-ရမိုင်ရှိသောအင်းသည် မိုးကောင်း ချောင်းဖျားခံရာ၌ ရှိပေသည် ဟုဆိုလေသည် အင်းရေပြင်သည် စတုရန်းမိုင်-၁၀၀ခန့်ရှိသည် မိုးညှင်းမြို့ နယ်၏ အမှတ်(၅) ဒေသဟူ၍ လည်းကောင်း အသိမှတ်ပြု ခေါ်တွင်လေသည်။
ဥတ္တရစောဖြူရဲ့သား စောဝ်ဆေးဖိတ်(ကျားဖြူမင်း) နှင့်၎င်း၏သား သုံးပါး ရှေ့လဆက်ရန်
---ရွှေမဉ္စူ ဂန္တ၀င်-ကျားဖြူဘုရားသမိုင်း တို့မှ ထုတ်နုတ်တင်ပြလိုက်ရပါသည်။


ကျားပေါက်
 

blogger templates | Make Money Online