*အနာဂတ်လူငယ်များ မိမိအမျိုးသားဂုဏ် ဖေါ်ဆောင်နိုင်ကြပါစေ*

Thursday, October 1, 2009

ပါးစပ်ရာဇ၀င် မဟုတ်ခဲ့ပါ




ကျားဖြူဘုရားသမိုင်း

သျှမ်းဘာသာအားဖြင့် (ဖလားစောင်ဆေဖိတ်) ခေါ်သောကျားဖြူ ဘုရားသည် မိုးညှင်းမြို့၏ အရှေ့အရပ်၌ တည်ရှိသော ရှေးဟောင်းဘုရားတဆူ ဖြစ်လေသည်။ ထိုကျားဖြူဘုရား၏ သမိုင်းသည် ထူဆန်း အံ့သြဖွယ် ကောင်းသော ပုံပြင်တို့ဖြင့် ရောပြွမ်း၍နေသဖြင့် နားထောင်ချင်စဖွယ် တင့်တယ်လှ၏

**ဂနာလရာဇ်တိုင်း- ရွှီရွှမ်နန်းမြို့တော်ကြီး တည်နေရာ**
ဂနာလရာဇ်တိုင်း- ရွှီရွှမ်နန်းမြို့တော်ကြီး အတွင်း၌ နန်းတော်သူ နန်းတော်သား တို့သည် ညှိုးငယ်သော မျက်နှာဖြင့် တဦးနှင့်တဦး တီးတိုးတီးတိုး စကားပြောဆိုလျက် ရှိနေကြလေ၏ အကြောင်းသော်ကား -ရွှီရွှမ်နန်းမြို့တော် သခင် ဘုရင်ဥတည် မင်းကြီး၌ ခေါင်းမှုးရောဂါ စွဲကပ်နေသဖြင့် ဆေးဆရာ အမျိုးမျိုးတို့ နှင့် ကုသလျက်ရှိရာ သက်သာရုံမျှသာ သက်သာ၍ လုံးဝ ပျေက်ကင်းခြင်းမရှိ ဖြစ်နေ၏ ထိုစဉ်က တရုတ်ပြည်ကြီး အတွင်း ထင်ရှားကျော်ကြားသော သမားတော်ကြီး တဦးသည် ဘုရင်မင်းမြတ်၏ ဝေဒနာကို ကောင်းစွာ လေ့လာပြီးနောက် ဘုရင်မြင်းမြတ်၏ ဝေဒနာသည် အပူလွန်ကဲ သောကြောင့် ဖြစ်သော ဝေဒနာ ဖြစ်ပါသည်၊ ဤရောဂါကို သာမန်အအေး ဆေးများဖြင့် ကုသသော် သက်သာရုံမျှသာ သက်သာ၍ လုံးဝပျောက်ကင်းရန် ခက်လှပါသည်။

ကျွန်တော်မျိုးတို့၏ ဆေးကျမ်းများ၌ အမဲသားငါးများ ထည့်ထားလျှင် မပုပ်မသိုးနိုင်သော ကျောက်စိမ်းခွက်၌ အစာအာဟာရ များကိုထည့်၍ မပြတ်သုံးဆောင်ခြင်းဖြင့် ဤသို့သော ရောဂါဝေဒနာများ ပျောက်ကင်းတတ်ကြောင်း ပြဆိုထားပါသည်။

ထို့ကြောင့် အရှင်မင်းတရား၏ အမိန့်တော်ဖြင့် အမဲသားငါးများ မပုပ်မသိုးနိုင်သော ကျောက်စိမ်းကို ရအောင်ဆောင်ယူစေလျှင် သင့်လျော်ပါလိမ့်ဟု လျှောက်တင်လေသည်။

ဥတည်မင်းက- အိုသမားတော်ကြီး ဤသို့သော ကျောက်စိမ်းမည်သည့် အရပ်၌ ရှိသည်ဟု ကြားဘူးပါသနည်းဟု မေးလေသည်၊ သမားတော်ကြီးက အရှင်မင်းကြီး ဤသို့သော ကျောက်စိမ်းသည် ဤဂနာလရာဇ်ပြည်ကြီး၏ တောင်အရပ် တောတောင်တို့၏ အတွင်း၌ ရှိသည်ဟု ကြားဘူးပါသည်ဟုလျှောက်ထားလေသည်။

ဥတည်မင်းလည်း မှူးမတ်များအား ခေါ်တော်မူ၍ သမားတော်ကြီး ညွန်ကြားသော ကျောက်စိမ်းကို ရအောင်ရှာစေဟု အမိန့်ထုတ်တော် မူလေသည်၊ မှူးမတ်များသည် ဘုရင်မင်းမြတ်၏ အမိန့်တော်အရ သံစုံလောရဲ ဦးဆောင်၍ အခြံအရံငါးရာ၊ သောတူလောရဲ ဦးဆောင်၍ အခြံအရံငါးရာစီ ရွှီရွှမ်နန်း မြို့တော်ကြီးမှ တောင်ဘက်သို့ အစုနှစ်စုပြုကာ ကျောက်စိမ်း ရှာဖွေရန် စေလွတ် ကြလေသည်၊ ကျောက်စိမ်းအဖွဲ့ ၂-ဖွဲ့တို့သည် ရွှီရွှမ်နန်းမြို့မှ တောင်ဘက်သို့ ခရီးထွက်ခဲ့ကြရာ မော့လူမျိုးများ နေရာဌာနသို့ ဆိုက်ရောက် ကြလေသည် ကျောက်စိမ်း အဖွဲ့သား များသည် မော့တို့အား ကျောက်စိမ်း မည်သည့်အရပ်၌ ရှိသနည်းဟုမေးကြလျှင် မော့တိုက ဤမှရှေ့၂-ရက်ခရီးခန့်အရပ်၌ ရှိကြောင်း ပြောကြသည်၊

ထို့နောက် မော့တို့က (မော့ဆိုသည်မှာ ယခုမွန် အမျိုးနွယ်ကို ဆိုလိုသည်ဟု ယူဆပါသည်) ဆက်လက်၍ ထိုတောင်ထိပ်၌ ရေကန်ကြီး တခုရှိကြောင်း၊ ထိုတောင်ထိပ် ရေကန်ကြီးသို့ လူလည်းမဟုတ် ငှက်လည်းမဟုတ် ထူးဆန်းသော သတ္တဝါများ လာရောက် ရေကစားကြကြောင်း ပြောဆိုကြလေသည်၊

ထိုစကားကို ကြားရလျှင် သောတူလောရဲ အဖွဲ့သည် ထိုသတ္တ၀ါထူးများကို ဖမ်းဆီးရန် အလွန်စိတ်အား ထက်သန်ကြသည် ဖြစ်၍ သံစုံလောရဲ အဖွဲ့အား ကျောက်စိမ်း ရှာဖွေရန် အသင်တို့သည် ရှေ့သို့သွားကြပါ၊ အကျွန်ုပ်တို့သည် ဤထူးဆန်းသော သတ္တ၀ါများအား အရအမိ ဖမ်းကြပါမည် အသင်တို့က ကျောက်စိမ်းရ၍ အကျွန်ုပ်တို့က သတ္တ၀ါဆန်းကိုရလျင် အကျွန်ုပ်တို့ ဘုရင်အတွက် အလွန်ဘုန်းတန်ခိုး ကြီးဖွယ်ရာရှိပါသည်၊ ထို့ကြောင့် အသင်တို့သည် ရှေ့သို့သွားကြပါ ငါတို့ဤအရပ်၌ နေရစ်ကြပါမည်ဟု ဆိုလေသည်။ ထိုအဆိုကို နှစ်ဘက်သ ဘောတူညီ ကြသဖြင့် သံစုံလေရဲအဖွဲ့သည် ကျောက်စိမ်းရှာရန် ရှေ့သို့သွား၍ သောတူလောရဲ အဖွဲ့ကား သတ္တ၀ါ အဆန်းကို ဖမ်းဆီးရန် ကျန်ရစ်ခဲ့လေသည်။

သံစုံလောရဲ အဖွဲ့သည် ရှေ့သို့ ဆက်လက် သွားကြရာ ယခုခေါ်ဖားကန့် လုံးခင်ဌာနသို့ ရောက်လျှင် ၎င်းတို့အလိုရှိသော ကျောက်စိမ်းများကို အလွယ်တကူ ရရှိကြသဖြင့် ကျောက်စိမ်း များကို ဆောင်ယူ၍ ပြန်ခဲ့ကြသည်။

ကိန္ဒရီးဖမ်းအဖွဲ့။ သောတူလောရဲ အဖွဲ့သားများသည် မော့တို့၏ ညွန်ကြားချက်ဖြင့် တောင်ထိပ် ရေကန်အနီး ချောင်းမြောင်းကြရာ လူနှင့်တူသော ကိနရီမယ်များ ရေကန်တွင်း သက်ဆင်း ရေချိုးကြသည်ကို မြင်တွေ့ကြ ရလေသည်၊

ထူးဆန်း လှပသော ကိနရာများကို မြင်တွေ့ကြရသော သောတူလောရဲ့ အဖွဲ့သားများသည် လူတို့၏ဥာဏ်ဖြင့် ကြံဖန် ထောင်ဖမ်းသောကြောင့် လှပသော ကိနရီမတကောင်ကို ရကြလေသည်၊ သံစုံလောရဲ အဖွဲ့သားတို့ စိတ်၌ငါတို့ကား အသက် မရှိသော ကျောက်စိမ်း မျှကိုသာရ၍ ငါတို့ကား မျက်နှာ မဲ့ကြလေတော့မည်၊ ထို့ကြောင့် ၎င်းတို့အား သုတ်သင်မှ တော်မည်ဟု အဖွဲ့ခေါင်းဆောင် သောတူလောရဲကို ကန်စောင်းသို့ သွေးဆောင် ခေါ်ယူ၍ သုတ်သင်ခဲ့ကြရာ သောတူလောရဲ၏ အလောင်းသည် ယနေ့တိုင် ကန်အနီး၌ ကျောက်ဖြစ်နေသည် ဟုဆိုကြလေသည်။

သံစုံလောရဲ အဖွဲ့သည် ကျောက်စိမ်း နှင့်တကွ ကိန္ဒရီမကို ဥတည်မင်းအား ဆက်သကြလေသည်။ (ပန်းတမော့)အနုပညာရှင် များအားဟင်း၊ ထမင်း၊ ထည့်ရန် ၊ပန်းကန်ပြား၊ ပန်းကန်လုံးတို့၌ ခဲဖွယ်ဘောဇဉ် များကို ဆေးကျမ်း အညွန်းအတိုင်း ထည့်၍ သုံးဆောင်ခြင်းဖြင့် ဥတည်မင်း၏ ခေါင်းမူးသော ရောဂါဝေဒနာ ပျောက်ကင်းလေသည်၊ ဆက်သသော ကိန္ဒရီမကိုလည်း အလွန် နှစ်သက်တော်မူ သောကြောင့် ကိန္ဒရီဒေ၀ီဟူသော အမည်ဖြင့် မိဖုရား မြှောက်တော်မူလေသည်။
ထိုကိန္ဒရဒေ၀ီ မိဖုရားသည် ငှက်မျိုး ဖြစ်သောကြောင့် ရုပ်အဆင်း လှပသော်လည်း ခြေချေင်းများမှာ လူသားများ ကဲ့သို့ ငါးချောင်းမရှိ၊ ဘဲကြက်များကဲ့သို့ ရှေ့သုံးချေင်း၊ နောက်တချောင်းမျှသာ ရှိလေသည်၊ ထို့ကြောင့် ခြေချောင်းကလေး များကိုကြိုးဖြင့် စီးနှောင်၍ လှပသော ရွှေခြေနင်းကို စွပ်ပေးထားရလေသည်။
ဤအကြောင်းကို ပြည်သူတို့ကသိ၍ တိတ်တဆိတ် ကဲ့ရဲ့ကြသောအသံကို ဥတည်မင်း ကြားသိတော်မူလျှင် အခြားသော လူမိန်းမ များလည်း ငါ၏မိဖုရားကြီးနှင့်တူ ညီစေရန် မိန်းမမှန်သမျှ ငယ်ရွယ်စဉ်ကစ၍ ခြေစီးပြီး ဖိနပ် စွပ်ထားကြရမည်ဟု အမိန့်တော် ထုတ်ပြန်ခဲ့သည်၊ ထိုအမိန့်တော်အရ တရုတ်မများ ခြေစီးကြရကြောင်း ဤသမိုင်းက ဆိုလေသည်၊ ကာလ အတန်ကြာသောအခါ ကိနရာဒေ၀ီ မိဖုရားမှ သမီးတော်တပါး ဖွားမြင်ခဲ့သည်၊ ထိုသမီးတော်ကို နန်းမွန်ဟု အမြတ်တနိုး အမည် မှည့်ခေါ်ခဲ့သည်။

သမီးတော် နန်းမွန်သည် ရုပ်ဆင်း သဏာန်ကြန်အင် လက္ခဏာလှပသူ ဖြစ်သော်လည်း မျက်စိနှစ်ကွင်း မူကား အလင်း မရရှာချေ၊ ဤအကြောင်းကို ခမည်းတော် ဥတည်မင်းသိလျှင် လွန်စွာ ရှက်နိုးတော်မူသောကြောင့် သမီးတော်ကို တိတ်တဆိတ် ဖျောက်ဖျက်စေဟု အမိန့်တော် ထုတ်လိုက်သည်၊ သို့သော် မယ်တော် ကိန္ဒာရီဒေ၀ီက လူသတ်တို့အား လာဘ်ထိုး၍ တိတ်တဆိတ် မွေးမြူခဲ့ရာ ၁၆-နှစ်ကာလတိုင်ခဲ့လေသည်။

ယခုအခါ သမီးတော်မှာ အပျိုအရွယ်သို့ ရောက်ခဲပြီဖြစ်၍ နတ်သမီးတမျှ လွန်စွာလှပ တင့်တယ်သည်ဖြစ်၍ မယ်တော် ကိန္ဒရီဒေ၀ီမှာ သမီးတော်အား ရှု၍မငြီးနိုင်အောင် အလွန်ချစ်ခင်လျက် ရှိနေလေသည်။

တနေ့သော အခါတွင် သမီးတော် အသက်ထင်ရှား ရှိနေသေးကြောင်း ခမည်းတော် ဥတည်မင်း ကြားသိတော်မူလျှင် လွန်စွာ အမျက်တော် ထွက်၍ မိဖုရားကြီးအား ရှေ့တော်မှောက်သို့ ခေါ်ပြီးလျှင်- အဘယ်မိဖုရားကြီး သမီးတော် ယခုအထိအသက် ထင်ရှား ရှိနေသေးသည် ဆိုသည်မှာ မှန်ကန်သလော ဟုမေးတော်မူ၏၊ မိဖုရားကြီးလည်း မကွယ်ဝှက်ပဲ သမီးတော် ယနေ့ တိုင်ထိ အသက်ထင်ရှား ရှိနေသည်ဆိုခြင်းမှာ မှန်ကန်ပါသည် ဘုရားဟု လျှောက်ထားလေသည်။

မိဖုရားကြီး ဘုရား မိုးကြိုးတချက် မင်းမြွက်တခွန်းဆိုတာ ကြားဘူးရဲ့ မဟုတ်လော ကြားဘူးကြောင်းပါ ဘုရား မင်းတို့မည်သည် ထွက်ပြီးဆင်စွယ် ၀င်ရိုးထုံးစံမရှိ ဆိုသလို အမိန့် အာဏာတော်ဟာလဲ ပြန်ဆုတ်ရိုးထုံးစံ မရှိဘူး အသိ ဖြစ်ကြောင်းပါ ဘုရား သမီးတော်ကို သတ်စေလို့ အမိန့်အာဏာ ထုတ်ထားပါလျက်နှင့် ဘာကြောင့် ယနေ့အထိ အသက်ရှင်နေရပါသလဲ မှန်လှပါ ထားလျှင်နေ -သတ်လျှင်သေရပါမည်၊ သမီးတော်အား မသတ်ရက်သောကြောင့် နှမတော်ဝှက် ထားမိပါကြောင်းလျှေက်ထား အပ်ပါသည်ဘုရား အရှင်မင်းမြတ်၏ အာဏာတော်ကို ကျူးလွန်သည်ဟု ယူဆပါလျှင် နှမတော်ကို သတ်တော်မူပါ၊ သမီးတော် အတွက်နှမတော် အသက်စွန့်ရန် စိတ်ပိုင်းဖြတ်ပြီး ဖြစ်ကြောင်းပါဘရား အို... မိဘုရားကြီး ဘုရား မိဖုရားကြီးဟာ မောင်တော်ရဲ့ အာဏာတော်ကို ကျူးလွန်သူ ဖြစ်သောကြောင့် အဖြစ်ရှိသူမှန်ပေသဗျား၊ သို့သော်လဲ ထိုအဖြစ်ဟာ စင်စစ်မောင်တော်အပေါ် ပြစ်မှားလိုသောကြောင့် မဟုတ်ပဲ သမီးတော်ကို အကာအကွယ်ပေး လိုသောကြောင့်ဖြစ်၍ နှမတော်အား အဖြစ်မပေးလိုပါ သမီးတော်သည်သာ မင်းမျိုးမင်းနွယ်တို့ပေါ် အများ ကဲ့ရဲ့ဖွယ်ရာ မျက်ကန်းမလေး ဖြစ်လာသောကြောင့် မူလအမိန့်အတိုင်း သုသာန်ထုတ်၍ ဓါးခုတ်သတ်စေဟု အမိန့်ချမှတ်လိုက်လေသည်။

ထိုအခါ မိဖုရားခေါင်ကြီးမှ... မှန်လှပါ ရွှေနန်းရှင်ဆင်ခြင်တော်မူပါ၊ နန်းမွန်သည် ရင်သွေးတော် စင်စစ်ဖြစ်ပါ၍ ပြစ်မရှိသော သမီးရင်ကိုသတ်ပါက ရက်စက်သော သားသတ်မင်းအဖြစ် အများပြည်သူများကဲ့ရဲ့ ဖွယ်ဖြစ်ပါလိမ့်မည်၊ ထို့ကြောင့် သမီးတော်အား မသတ်သင့်ကြောင်းပါ၊ သမီးတော်အား ကွယ်ဝှက်ထားသူမှာ နှမတော်ဖြစ်၍ နှမတော်သည်သာ အာဏာတော်ကို ကျူးလွန်သူဖြစ်ပါသည်၊ ထို့ကြောင့် သမီးတော်၏ သတ်မိန့်ကိုပယ်ဖျက်၍ နှမတော်ကိုသာ သတ်မိန့်ပေးတော်မူပါ ဘုရား....

ဒီမယ်.. မိဘုရားကြီး မိုးကြိုးတချက် မင်းမြွက်တခွန်းတဲ့ ထုတ်ပြီးသားအမိန့် တော်ကိုပြန်လည်မနိုတ်လို မူလအမိန့်အတိုင်း သမီးတော်ကိုသာ သုသာန်ထုတ်ပြီး ဓါးခုတ် သတ်ကြစေဗျာ အမယ်လေး ရက်စက်လှချေလား မောင်တော်ဖျာ့ သမီး တော်သေလျှင် နှမတော်အသက်ရှင်မှာ မဟုတ်ပါဘူးတကယ်တမ်း ရက်စက်တော် မူလျှင်လဲ နှမတော်ကိုပါ သတ်တော်မူပါ သမီးတော်နှင့်အတူ နှမတော်ပါ သေပါရစေဘုရား နှမတော်အပေါ် ဘာအပြစ်မှမရှိ၍ သတ်စေဆိုတဲ့အမိန့်ကို မထုတ်နိုင်ဘူး ဒါကြောင့် သမီးတော်ကိုသာ သတ်ကြစေဗျာ မောင်တော်ဖျာ့ နှမတော် သံတော်ဦးတင်ပါရစေ သံတော်ဦးတင်ခွင့် ပေးတော်မူပါ ဘုရား ဘာများတင်ချင်သေးသလဲ တင်စေဗျား သမီးတော်နန်းမွန်သည် ဘ၀ကံကြောင့် မျက်စိနှစ်ကွင်း အလင်းမရရှာသော်လဲ ရုပ်ဆင်းသဏ္ဍာန်မှာ လူမကနတ်မမီအောင်ပင် အလွန်လှပတင့်တယ်၍ ချစ်စဖွယ်ကောင်းလှပါသည်၊ ဤမျှချစ်စဖွယ် ကောင်းလှတဲ့ သမီးတော်ကို မောင်တော်ဘုရား ရှုစားတော်မူပါဦး၊ ရှုစားတော်မှုပြီး သတ်သင့်မှ သတ်တော်မူပါဘုရား မိဘုရားကြီးဗျား ဘုရား သမီးတော်ကို မောင်ဘုရားရှုသားမိခဲ့လျှင် သမီးဆိုတဲ့ သံယောဇဉ်ကြောင့် မသတ်ရက်ပဲ ဖြစ်ချင်ဖြစ် နေလိမ့်မယ်၊ ဒီလို မသတ်ရက်တဲ့သမီးတော် အသက်ရှင်နေပါလျှက် အများသောသူတို့က မောင်ဘုရားအား မျက်ကန်းအဘရယ်လို့ ကဲ့ရဲ့ ရှုတ်ချကြပေလိမ့်မယ်...

ဒါကြောင့်.. သမီးတော်မောင်ဘုရား မရှုစားလိုဘူး၊ မူလအမိန့် တော်အတိုင်းသာ သုသာန်ထုတ်ပြီး ဓါးခုတ်သတ်စေဗျား ကိနရဒေ၀ီ မိဖုရားကြီးသည် ဥတည်မင်းအား မည်သို့မျှလျှောက်ထား၍ မရသဖြင့် သမီးတော်အတွက် ပူဆွေးသော စိတ်ကြောင့် မင်းကြီး၏ ရှေ့တော်၌ပင်လျှင် ကြိုးပြတ်သော အရုပ်ကဲ့သို့ ရုတ်တရက်မေ့လဲသွားလေသည် ထိုအခါ မှူးမတ်များက အရှင်မင်းမြတ် မှုလအမိန့်တော်အတိုင်း သမီးတော်အားသာ သတ်ခဲ့ပါလျှင် မိဖုရားကြီးသည် သမီးတော်၏စိတ်ဖြင့် နတ်ရွာစံဖွယ် ရာရှိပါသည်၊ ထိုကြောင့် မိဖုရားကြီးကို ငဲ့ညှာပါသဖြင့် သမီးတော်အား သေမိန့်ကိုပယ်ဖျက်၍ ကံအားလျောက် ဖြစ်စိမ့်သောငှာ မြစ်ရေပြင်သို့ မျှောချသင့်ပါကြောင်း လျှောက်ထားကြလေသည်။

ဥတည်မင်းကြီးလည်း မိဖုရားကြီးကို ငဲ့ညှာတော်မူရကား သမီးတော်နန်မွန်အား ဖောင်ထက်တင်စေ ၍မသိုးထမင်း၊ မသိုးဟင်းများဖြင့် တာပင်မြစ်အတွင်း မျှောစေဟု အမိန့်ထုတ်ပြန်တော် မူလေသတည်း။....

မိုးကောင်းချောင်း၏ မြစ်ဖျားခံရာ အင်းတော်ကြီးသည် မြန်မာနိုင်ငံတော်၌ အကြီးဆုံးသော သဘာဝ အင်းကြီးဖြစ်၍ အလျှား-၁၆မိုင် အနံ-၇မိုင် ကျယ်ဝန်းလေသည်၊ အင်းကြီး၏ အကျယ်ဝန်းမှာ စတုရန်းမိုင်-၈၀ရှိရာ ထိုအင်းကြီး၏ ကမ်းခြေဖျားကိုပါ ထည့်သွင်း ရေတွက်ပါက ရေပြင်အကျယ် ၄၄.၉စတုရန်းမိုင် ရှိလေသည်၊

ယခုအခါ အင်းတော်ကြီး၏ အလယ်ပိုင်း ကျွန်းဆွယ်တခုဝယ် တန်ခိုးကြီးမားသော ရွှေမဉ္စူဘုရား ထင်ရှား တည်ရှိတော်မူ သောကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံ မြောက်ပိုင်း ယခု ကချင်ပြည်နယ်တွင် ထင်ရှားသော အင်းကြီးတအင်း ဖြစ်လေသည်။

ဤအင်းတော်ကြီး ဖြစ်ပေါ်မလာမီ ရှေးနှစ်ပေါင်းများစွာက ဤအင်းတ်ာကြီး နေရာတွင် လူဦးရေကိုးသန်းရှိသော စည်းခမ်းမြို့တော်ကြီး ဖြစ်ခဲ့ဘူးလေသည်၊ ကုရုရာဇ်တိုင်း ဥတ္တရဌာနီဖြစ်သော စည်းခမ်းမြို့တော်ကြီးကို အစိုးရတော်မူသော မင်းကြီးကား ဥတ္တရစောဖြူမင်း ဖြစ်လေသည်။

ထိုစဉ်က ဥတ္တရဌာနီဖြစ်သော စည်းခမ်းမြို့သို့ ဗုဒ္ဓမြတ်စွာ သာသနာတော် မသက်ရောက်သေးချေ၊ များစွာကုန်သော တိုင်းသူပြည်သား များသည် ကုသိုလ်တရား အကုသိုလ်တရားနှင့် ထိုတရားတို့၏ အကျိုးဆိုသည်ကို လုံးဝကြားဘူးခြင်း မရှိကြခြေ။ ကုသိုလ်-အကုသိုလ်ကို ခွဲခြား၍ မသိတတ်ကြသည့် အားလျော်စွာ ကိုယ်ကျင့်တရား များလည်း လွန်စွာပျက်ပြား ကြ၏ တဦးနှင့်တဦး ငဲ့ညှာထောက်ထားမှု မေတ္တာ ကရုဏာဆိုသည်မှာလည်း လွန်စွာဝေးကွာလျက် လစ်လျှင်လစ်သလို သူ့အသက်ကိုသတ်ခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ သူ့သားမယား ပြစ်မှားခြင်း၊ သေရည် သေရက် သောက်စားခြင်း တို့ဖြင့် မှောင်ကြီးကျလျက် ရှိလေသည်။

၎င်းတို့၏ မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာဝါယာမ၊ မိစ္ဆာသမားဓိတို့သည်လည်း ၎င်းတို့နှင့်တူစွာ ယုတ်မာသော အကျိုးကို ပေးတတ်သည်၊ သို့ဖြစ်၍လူသေကို ဖုတ်သွင်းခြင်း၊ သူတပါးအားပြုစားခြင်း၊ အံ့ဖွယ်သရဲကို ဆောင်ခြင်းစသော အောက် လမ်း(၀ါမတန္တရ) ၀ါဒများလွန်စွာ ထွန်းကား၍ အထူးသဖြင့် လူသားစင်စစ်က ကျားဖြစ်သည်ဆိုသော ထမံသီ အတတ်များပြန့်ပွားလျက် ရှိလေသည်။

ဤသို့ ယုတ်မာသော ဒုစရိုက် အတတ်ပညာများ ထွန်းကာ နေသောကြောင့်လည်း နောင်သောအခါ ထိုလူများကို နဂါးများက အင်းဖွဲ့၍ သတ်ပစ်ကြောင်း၊ အင်းတော်ကြီး သမိုင်းက ပြဆိုလေသည်။

စည်းခမ်းမြို့ရှင် ဥတ္တရစောဖြူမင်း၌ သားတော်-သမီးတော် မြောက်မြားစွာရှိ ရာသားတော်ကြီး ဥပရာဇာသည် တမန်သည်အတတ်ကို တတ်၍ တခါတရံ ကျားဘ၀ဖြင့် တော်ကစား ထွက်တော်မူ လေ့ရှိသည် သားတော်ကြီး ကျားဖြစ်သောအခါ အခြားသော သူများကဲ့သို့ ကျားဝါခြင်း၊ နက်ခြင်း၊ ပျောက်ခြင်း၊ကျားခြင်း၊ မရှိပဲ ၀ါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူသော အဆင်းရှိသောကြောင့် အများက သားတော်ကြီးအား စောင်ဆေးဖိတ်ဟု ခေါ်ဝေါ်ကြလေသည်။

စောင်ဆေးဖိတ်မင်းသား ကျားဖြစ်သောအခါ လက်စွဲတော်များသည် မင်းသား အ၀တ်တန်ဆာများကို ဆောင်ယူ၍မင်းသားကျား ဖြစ်ရာသို့ သွားရောက်ကာ အ၀တ်တန်ဆာများကိုပြခြင်း အမည်ကိုခေါ်ခြင်းဖြင့် ကျားစိတ်ပျောက်၍ လူစိတ်ဖြစ်ပေါ်လာအောင် ပြုလုပ်၍ လူဖြစ်သို့ပြန်ရောက်လာသော မင်းသားအား ပြန်လည်ခေါ်ဆောင်ကြရလေသည်။

တရက်သောအခါ မင်းသား စောင်ဆေးဖိတ်သည် လက်စွဲတော်များဖြင့် တောကစား လှည့်လည်စဉ် တခုသော တောအုပ်၌ တောဝက်များကို မြင်တွေ့ကြလေသည်၊ သူတို့သည် လက်နှက်စုံကိုင်စွဲ၍ တောဝက်များကို လိုက်ကြသောလည်း တောဝက်များကို မမိနိုင်ပဲ ကျန်ရစ်ကြလေသည်။

ထိုအခါ စောင်ဆေးဖိတ် မင်းသားက ငါသည် ကျားယောင်ဆောင်၍ တောဝက်များကိုလိုက်မည် အချိန်မီငါမပြန်လာပါက ငါ့နောက်သို့ လိုက်ခဲ့ကြဟုပြောပြီးလျှင် ထမံသီအတတ်ဖြင့် လူစင်စစ်မှ ကျားအဖြစ်သို့ ပြောင်းလဲ၍ ၀က်များနောက်သို့ လိုက်လေသည်။

ထိုအခါက ထိုအရပ်တွင် အဝေးပစ် လက်နက်မျိုးဖြစ်သော လေး၊ သေနတ်စသည်တို့ မပေါ်သေးချေ၊ ထို့ကြောင့် လူတို့သည် ဓါး လှံစသော လက်နက်များဖြင့်သာ တောကောင်များ ကိုနှိမ်နှင်းကြရသည်၊ ဓါး လှံစသည်ဖြင့် နှိမ်နှင်း၍မရသောအခါ ဤသို့သော ထမံသီအတတ်ဖြင့် ကျားအဖြစ် ကူးပြောင်းကာ တောကောင်များ နောက်လိုက်၍ ကိုက်သတ်ကြလေသည်၊ ထိုသို့ကိုသတ်ရာ၌ လူသားဖော်ပါရသေးသည်။

သို့သော် ကျားအဖြစ်သို့ ရောက်သောအခါ ဘ၀ကိုမေ့၍ အဖော်ကိုလည်း ပြန်ကိုက်တတ် သောကြောင့် ကျားအဖြစ်မကူးပြောင်းမီ အဖော်ဖြစ်သူသည် ကျားခုန်၍ မမီနိုင်လောက်သော သစ်ပင်အဖျားသို့တက်၍ နေရလေသည်၊

လူသားက ကျားဖြစ်ပြီးနှောက် အဖော်လူသားကို သုံးကြိမ်တိုင်တိုင် ခုန်ထိုးပြီးမှ တောနက်သို့ဝင်၍ သားကောင်များ နောက်လိုက်လေသည်။ သစ်ပင်ထိပ်မှ လူသားက ကျားလိုက်၍ သားကောင် အော်သံ များကို မှတ်သားထား ရလေသည် အဘယ်ကြောင့်ဆိုတော် ကျားဘ၀မှ လူပြန်ဖြစ်လာသူသည် မိမိကျားဘ၀က အကြောင်းများကို မေ့တတ်သောကြောင့် ဟုဆိုလေသည်။

ဤသို့လိုက်သော သားကောင်ကို ကိုက်ပြီးလျှင် သစ်ပင်ပေါ်ကလူက ကျားဖြစ်သူ၏ အမည်ကိုခေါ်ရသည်၊ နာမည်ခေါ်သံကြားလျှင် ကျားသည်သတိရ၍ လူ့ဘ၀အဖြစ် ပြောင်းလဲသွား၍ တခါတရံခေါ်ရုံနှင့် သတိမရလျှင်၎င်း၏ လူသားဘ၀က အ၀တ်အထည်များကို ပြပေးရသည်၊ မိမိ၏ အ၀တ်အထည်ကို မြင်လျှင်လည်း သတိပြန်လည်၍ လူ့ဘ၀သို့ ပြန်ရောက်လာသည် ဟုဆိုလေသည်။

ထိုကြောင့် စောင်ဆေးဖိတ် မင်းသားသည် တောဝက်များကို ကိုက်ရန် ကျားအဖြစ် ပြောင်းလဲ၍ တော်တွင်းသို့ လိုက်သွားခြင်း ဖြစ်လေသည်။ စောင်ဆေးဖိတ်မင်းသား ဤသို့ ကျားဘ၀ဖြင့် တောကစား ထွက်သည်မှာ ဤတကြိမ်သာမဟုတ် အကြိမ်ပေါင်း များခဲ့ချေပြီ။

ရှေးအခါကဆိုလျှင် ဤသို့ကျားဘ၀ဖြင့် တောကောင်များ ကိုကိုက်ထားခဲ့ပြီး လက်စွဲတော်များ၏ ခေါ်ယူချက်ဖြင့် လူ့ဘ၀သို့ မကြာမတင် ပြောင်းလဲခဲ့သည်။ ယခုအခါသောကား မင်းသားသည် နယ်လွန်၍သွားခဲ့ချေပြီ..

စည်ခမ်းမြို့မှ တောင်ဘက်သို့ ကျော်ဆင်းသောအခါ သစ်ပင်ချုံနွယ်များ အလွန်ထူထပ်သော တောတောင် အဆင့်ဆင့်တို့ကို ကျော်လွန်၍ မှန်ကင်းတောင်တန်းကို ခြေနင်းမိလေသည် မှန်ကင်းတောင်တန်းကို လျှောက်၍ မနေမနား သွားသောအခါ ပေပေါင်း ၁၆၀၀ ကျော်မြင့်သော မိုင်သုံတောင်ထိပ်ကို စီးမိလေသည်၊ မိုင်းသုံတောင်ထိပ်မှ ကြည့်သောအခါ ပတ်ဝန်းကျင်သည် အလွန်သာယာလျက် ရှိရကား စောင်ဆေးဖိတ် ကျားဖြူမင်းသားသည် ထိုမိုင်းသုံတောင်၌ စခန်းချကာ အရှေ့ဘက်တွင် ဧရာဝတီမြစ်ဝှမ်းအထိ အနှောက်ဘက်တွင် ချင်းတွင်းမြစ်ဝှမ်းအထိ ချမ်းမြေ့စွာကျက်စား နေထိုင်ခဲ့လေသည်။

ကျားဖြူမင်းနေရာ မိုင်းသုံတောင်သည် ၀န်းသိုမြို့၏မြောက်အရပ်၌ တည်ရှိသည်၊ မိုင်းသုံဟူသော အမည်သည် သျှမ်းဘာသာဖြစ်၍ မိန်း-မိုင်းဟူသော သျှမ်းစကားမှာ မြန်မာဘာသာအားဖြင့် (မြို့)ဟုဆိုသည်၊ (သုံ)ဟူသည်ကား သျှမ်းဘာသာအားဖြင့် ကျားဟော၊(ဆေ) ဟူသောပုဒ်ကိုမြန်မာတို့က (သေ)ဟုအသံထွက်၍ စကားကိုပီပြင်စွာမဆိုတတ်သောကြောင့်သေကို (သုံ)ဟုခေါ်ဆိုခဲ့ကြသည်၊ ထို့ကြောင့် သုံသဒ္ဒါသည် သျှမ်းဘာသာအားဖြင့် ဆေးဟုခေါ်သော ကျားဟောပုဒ် ဖြစ်လေသည်။
ကျားဖြူမင်းသား နေထိုင်ရာမြို့ ဖြစ်သောကြောင့် (မိုင်းသုံ)ဟုခေါ်ဝေါ်ကြခြင်း ဖြစ်ပါသည်။...

တာပင်မြစ်ရေသည် တသွင်သွင် စီးဆင်းလျက်ရှိသည်၊ မြစ်ရေလျင်၌ မင်းသမီးနန်းမွန် လိုက်ပါလာသော ဖောင်ငယ်သည် တငြိမ့်ငြိမ့် မျောလျက်ရှိနေသည်...
မင်းသမီးသည် မျက်စိနှစ်ကွင်း အလင်းမရရှာသည့်ပြင် အားထားဖွယ်ရာ အပေါင်းဖော်လည်းမပါသဖြင့် ကံကိုသာအားထား၍ ဖောင်ဆောင်ယူသည့် နောက်သို့ လိုက်ပါခဲ့ရာ ဖောင်သည် တာပင်မြစ်ကို ကျော်လွန်၍ ဧရာဝတီမြစ်အတွင်း သက်ဆင်းမျော ပါလာလေသည်။

မင်းသမီး၏ ဖောင်ငယ်သည် အလွန်ခရီး ဝေးကွာလှသော ရွှီရွှမ်ပြည် အတွင်းမှ မြစ်ကျဉ်းများ၊ ကျောက်ဆောင်များကို မထိခိုက်ပဲ ကံအားလျော်စွာ ငြိမ့်ငြောင်း သာယာစွာ မျောပါလာရာမှ မင်းဝံတောင်စွန်းသို့ ရောက်သောအခါ ရုတ်တရက် ဖောင်ငြိ၍ ရပ်တန့်လေ၏ မင်းသမီးသော်ကား မျက်စိနှစ်ကွင်းအလင်းမရ ရှိရှာသောကြောင့် မိမိစီးနင်းလာသော ဖောင်သည် မည်သည့်အရပ်သို့ ရောက်၍ မည်သည့်နေရာ၌ ရပ်တန့်နေကြောင်းကို မသိရှာခဲ့ချေ။

ထိုစဉ်….မိုင်းသုံအရပ်၌ နေစမှတ်ပြု၍ အရပ်ဝန်းကျင် လှည့်လည် ကျက်စားသော ကျားဖြူမင်းသားသည် ကျားအသွင်ဖြင့် တောအရပ်ရပ် တောင်အထပ်ထပ်ကို ဖြတ်ကျော်၍ လာရာခရီး ပင်ပန်းပြီး ၀မ်းတွင်း ပူလျှပ် ရေငတ်၍ လာသောကြောင့် ရေသောက်ရန် ဧရာဝတီမြစ်
ကမ်းသို့ အဆင်းတွင် ဖြူဝင်း လှပသော နန်းမွန်ကို မြင်တွေ့ ရလျှင် ဘ၀ါဘ၀ ပုဗေစက အတူတကွ ချစ်ခင်ခဲ့ဘူး ကြသော ကံကြောင့် မြင်လျှင်မြင်ခြင်း ချစ်ခင်နှစ် သက်ခြင်း ဖြစ်ပေါ်လာ သောကြောင့် လူ့ဘ၀ကို သတိရကာ ကျားအသွင် ကွယ်ပျောက်၍ လူအဖြစ်သို့ ဆိုက်ရောက်ခဲ့လေသည်။

လူဖြစ်သို့ ရာက်သော စောင်ဆေးဖိတ် မင်းသားသည် မင်းသမီးထံပါးသို့ ချဉ်းကပ်၍ အို…နှမသင်သည် အဘယ်သူဖြစ်၍ ဘယ်သို့ သွားပါမည်နည်း
ဟုမေးမြန်းလေတော့သည်၊

မင်းသား၏ စကားသံကို ကြားသောအခါ မင်းသမီးသည် ထိတ်လန့် တုန်လှုပ်စွာဖြင့်… အလို-ယခု မေးသူကား လူသားလော၊ နတ်သားလော သိပါရစေဟု ပြန်မေးလေသည်..

အို-နှမမောင်ကား နတ်သားမဟုတ်ပါ လူသားတဦးမျှာသာ ဖြစ်ပါသည် အို-မောင်လူသား ကျွန်တော်မကား ရွှီရွှမ်းပြည့်ရှင်၏ မိဖုရားကြီး ကိုန္နရဒေ၀ီ၏ သမီးတော် နန်းမွန်ဖြစ်ပါသည် မျက်စိနှစ်ကွင်း အလင်းမရသောကြောင့် ခမည်းတော် ရှက်နိုးတော်မူ၍ မြစ်အတွင်း မျှောပစ်ခြင်းကိုခံရပါသည်၊

ကျွန်တော်မကား မျက်မမြင် ဖြစ်ပါ၍ မည်သည့်အရပ်ကိုမျှ မသွားတတ်ပါအမောင် အို-နှမတော်နန်းမွန်၊ နှမတော်၏စကားကို ကြားရ၍ မောင်တော်၏စိတ်၌ လွန်မင်းသော
သနားကြင်နာခြင်း ဖြစ်ခဲ့မိပါသည်။

မောင်တော်သည် ကုရုရာဇ်တိုင်း ဥတ္တရဌာနီ စည်းခမ်းဘုရင် ဥတ္တရစောဖြူမင်း၏ သားတော်ကြီး စောင်ဆေးဖိတ်ဖြစ်၍ လွန်စွာ ထူးဆန်းဖွယ်ကောင်းသော ထမံသီအတတ်ကို တတ်မြောက်သူ ဖြစ်သည်၊ မောင်တော်ပျော်ပါးရာ မိုင်းသုံးစခန်းသို့ ခေါ်ဆောင်ပြီး နှစ်မတော်၏ မျက်စိနှစ်ကွင်းကိုလည်း အလင်းသို့ ရောက်အောင် ကုစားပေးလိုလှပါသည်၊ နှမတော်၏ သဘောကိုသာ သိပါရစေ...

အို-မောင်တော် စောင်ဆေးဖိတ်၊ မောင်တော်၏ မျက်နှာကို မမြင်ရသော်လည်း မောင်တော်၏ အသံကိုကြားရုံမျှနှင့် နှမတော်၏ စိတ်သည် မောင်တော်၏ အပေါ် တိမ်းညွတ် လျက်ရှိပါသည်၊ နှမတော်မှာ ဒုက္ခိတမျှသာ ဖြစ်၍ မောင်တော်ပြုသမျှ နုရမည်သာ ဖြစ်ပါသည် မောင်တော်
နှမတော်၏ စကားကိုကြားရ၍ မောင်တော် လွန်စွာ ၀မ်းမြောက်လှ ပါသည်၊ မောင်တော်လည်း နှမတော်ကို မြင်လျင်မြင်ခြင်း အလွန်အမင်း ချစ်ခင်ခြင်းဖြစ်ခဲ့သည်။ ထို့ကြောင့် မောင်တော် ခေါ်ဆောင်ရာသို့သာ နှမတော်စိတ်ချ ယုံကြည်စွာ လိုက်ခဲ့ပါတော့ ကောင်းလှပ်ပြီ...
မောင်တော်... ကျားဖြူမင်းသာ စောင်ဆေးဖိတ်နှင့် မင်းသမီး နန်းမွန်တို့သည် ဤသို့ သဘောတူညီကြပြီးနောက် စောက်ဆေးဖိတ်မင်းသားသည် မင်းသမီးအား ထမ်းဆောင်၍ မိမိနေရာ မိုင်းသုံစခန်း၌ ထားပြီးလျှင် မင်းသမီး၏ မျက်လုံးအစုံကို နေ့စဉ်နေ့တိုင်း အာငွေ့ပေးကာ ကုစားခဲ့သဖြင့် မကြာမီပင်မင်းသမီး၏ မျက်စိနှစ်ကွင်းသည် အလင်းရခဲ့လေသည်။

မင်းသားနှင့် မင်းသမီးတို့သည် မိုင်းသုံအရပ်၌ချစ်ခင်စွာ ပေါင်းသင်းနေထိုင်ကြရာမှ ကာလ အတန်ကြာသောအခါ သားတော်သုံးပါ ဖွားမြင် လာခဲ့လေသည်။
ထိုသားတော် သုံးပါးတို့မှာ

(၁)ခွန်ရံ (သိုကော်ဘွား)
(၂)ခွန်ကံ (သိုငံဘွား)
(၃)ခွန်အွမ် (သိုကျည်ဘွား) တို့
 ဖြစ်ကြလေသည်။

သားတော် သုံးပါးတို့သည် အစဉ်သဖြင့် ထွားကြိုင်းလူလား မြောက်ခဲ့ကုန်သည် ရှိသော တခါရံလူ့အသွင်ကို ဖျေက်၍ ကျားဖြူ အဖြစ်ဖြင့် ပျောက်သွား တတ်သော ခမည်းတော်ကို သတိထား မိကြလေသည။် ထို့နောက် ညီနောင်သုံးပါး တိုင်ပင်ကြ၍ ဖခင် ကျားဖြူမင်းမရှိမှီ မိခင်အား မေးမြန်းကြလေသည်။
ရှေ့ဆက်ရန်.....

အနာဂတ်သျှမ်းလူငယ် မျိုးဆက်သစ်များ မိမိ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ် ထိမ်းသိမ်းရင် အချင်းချင်း ရိုင်းပင်ကူညီ လက်တွဲလုပ်ကိုင် နိုင်ကြပါစေ။



ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 





 

blogger templates | Make Money Online