*အနာဂတ်လူငယ်များ မိမိအမျိုးသားဂုဏ် ဖေါ်ဆောင်နိုင်ကြပါစေ*

Monday, October 11, 2010

မိုင်းကိုင်မြို့က အလွမ်းပုံပြင်

ဟိုးလွန်ခဲ့တဲ့ အတိတ်နှစ်များဆီက မိုင်းကိုင်ဆိုသော မြို့လေးမှာ အင်မတန် ချောမောလှပတဲ့ နန်းဦးပြင်ဆိုတဲ့ ကွမ်းတောင်ကိုင် ရွာမျက်နှာဖုံး သျှမ်းလှပျိုဖြူလေး တဦး နေထိုင်သတဲ့... အဲ့ဒီ နန်းဦးပြင် နေထိုင်တဲ့ မိုင်းကိုင်မြို့ရဲ့ အရှေ့ဘက်မိုင် ၁၀၀ကျော်ခန့် အကွာတွင်တော့ ကျိုင်းတောင်းဆိုတဲ့ မြို့လေးတမြို့ရှိတယ် အဲ့ဒီမြို့လေးမှာ အသားဖြူဖြူ အရပ်မောင်း ကောင်းကောင်းနဲ့ တည်ကြည်ခန့်ညားတဲ့ ဥပဓိရုပ်နဲ့ ခွန်ဆမ်လောဆိုသည့် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ကုန်သည်လူငယ်လေးတဦး နေထိုင်သတဲ့ သူတို့နှစ်ဦးဟာ အမတ်မထင်တွေ့ဆုံပြီး လူငယ်သဘာဝ ချစ်ကြိုက်သွားကြပါတော့တယ်… အချစ်ကြီးသူနှစ်ဦးဖြစ်တော့ တဦးနဲ့တဦး မမြင်ရရင်မနေနိုင်အောင်ပဲတဲ့ကွယ်..ခွန်ဆမ်လောလေးဟာ မိုင်တရာကျော် ဝေးတဲ့ ချစ်သူရှိရာကို မမောနိုင်မပန်းနိုင် မြင်းစီးပြီး အမြဲလူပျိုလည့်ခဲ့ပါသတဲ့ ဒီလိုနဲ့ တနေ့နမ့်တိန်းချောင်း ကလေးအနီးမှာ... ဆုံတွေ့ပြီး ချစ်စကားပြောနေချိန်မှာ..
နံဘေးက နမ့်တိန်းချောင်းရေစီးသံ ကဆူညံနေတဲ့အတွက် ချစ်သူ ခွန်ဆမ်လောပြောတဲ့ ချစ်စကားလေးတွေကို.. နန်းဦးပြင်လေးဟာ ကောင်းကောင်း မကြားရဘူးဖြစ်နေပါတယ်။ ဒီအခါ နန်းဦးပြင်လေးဟာ နမ့်တိန်းချောင်းဘက်လှည့်ကာ တိုးတိုးလေးဆိုလိုက်တယ် “နမ့်တိန်းချောင်းရယ်.. ပီဆမ်လော ပြောလာမဲ့စကားကို နားထောင်ပါအုံး...မဆူပါနဲ့လားကွယ်” လို့ပြောလိုက်တော့ နမ့်တိန်းချောင်းလေးဟာ နန်းဦးပြင်အလိုကျ တိတ်ဆိတ်ငြိမ်သက်သွားလိုက်တာ..... ခုချိန်အထိ တိုင်အောင်ရေစီးသံ မကြားရတော့ဘူးလို့ဆိုပြန်တယ်..။
ဒီလိုနဲ့ခွန်ဆမ်လောကို... ခွန်ဆမ်လောမိခင်က သူ့တို့ရွာမှာ..သွက်သွက်လက်လက် ရှိတဲ့နန်းဦးပျဉ်း နဲ့တိတ်တဆိတ်သဘောတူထားတာပေါ့... ပြီးတော့ နန်းဦးပျဉ်းကိုလဲ ခွန်ဆမ်လောနဲ့ လက်ထပ်ပေးမယ်လို့ ကတိပေးထားသတဲ့.. ဒီအကြောင်းကို ခွန်ဆမ်လောသိတော့ သူ့ချစ်သူ နန်းဦးပြင်ကလွဲ၍ အခြားမည်သူ့ကိုမျှ လက်ထပ်နိုင်လို့ပြောပြီး.. နန်းဦးပြင်ကိုပဲ...လက်ထပ်၍.. သူနေတဲ့ ကျိုင်းတောင်းမြို့လေးကို ခေါ်ဆောင်လာခဲ့သတဲ့..။ နန်းဦးပြင်လေးခများ မောင့်တမျက်နှာ တရွာထင်၍လိုက်ခဲ့ရှာလေသည်။
ဒါကြောင့်ခွန်ဆမ်လောရဲ့ အမေက နန်းဦးပျဉ်းကိုပေးထားတဲ့ ကတိ နန်းဦးပြင်ကြောင့် ပျက်ရတယ်
ဆိုပြီးတော့ နန်းဦးပြင်လေးကို မနှစ်သက်၊ မကြည်ဖြူ တဲ့အပြင် ငါ့သားနှင့် နှင်တူသလား တန်သလား ဟုဆိုကာအညိုးကြီးထား၍နှိပ်စက်လေတော့သည်၊ အိမ်မှာ မနေနိုင်အောင်.. အိမ်ပေါ်က ဆင်းသွားအောင် ခွန်ဆမ်လော အိမ်မှာမရှိတဲ့အခိုက် နန်းဦးပြင် စားမဲ့ထမင်းထဲမှာ.. ဆူးတွေ ထည့်ထားတာတို့ ကောက်ညင်းဆန်ကို အပ်တွေထည့်ပြီးပေါင်း.. ပြီးမှ နန်းဦးပြင်ကို ခူးခိုင်းတာ...စသဖြင့်နည်းပေါင်းစုံနဲ့ နန်းဦးပြင်လေးကို အမျိုးမျိုးနှိပ်စက်ပါတော့တယ်..
နန်းဦးပြင်လေးကတော့... ခွန်ဆမ်လောကို ချစ်လွန်းတာကြောင့်..ဘယ်လိုနည်းနဲ့နှိပ်စက် နှိပ်စက် ခင်ပွန်းသည် ခွန်ဆမ်လော စိတ်မကောင်းဖြစ်မှာစိုးလို့.... ဖွင့်မပြောပဲနဲ့ ကြိုတ်မှိတ်ပြီးနေရှာပါတယ်...။ သိပ်စိတ်ဆင်းရဲလာတဲ့ အခါမျိုးမှာဆို နန်းဦးပြင်လေးဟာ အိပ်ယာထဲမှာ တယောက်ထဲတိတ်တဆိတ် ခိုးခိုးငိုရရှာပါသတဲ့...။ ဒီလိုနဲ့ ... နန်းဦးပြင်ဟာ.. ခွန်ဆမ်လောရဲ့ရင်သွေးကို လွယ်ဖို့ဖြစ်လာချိန်မှာတော့.... နှစ်ယောက်သား ကြည့်နူးနေကြရှာတာ ပြောမပြတတ်အောင်ပဲပေါ့... ဒီလိုနဲ့ကိုယ်ဝန်အရင့်အမာ ဖြစ်နေတဲ့အချိန် တနေ့မှာတော့.. 
 ခွန်ဆမ်လောဟာ မဖြစ်မနေကုန်ရောင်း ကုန်ဝယ်သွားရမဲ့ အချိန်နဲ့ တိုက်ဆိုင် နေပါတော့တယ်.. ခွန်ဆမ်လောခမျာ မသွားချင်ပေမဲ့ သွားရပြီမို့.... ကလေးမမွေးခင်မှာ. ကိုအချိန်မှီ ပြန်လာခဲ့ပါ့မယ်လို့.. နန်းဦးပြင်ကို ကတိတွေ ပေးပြီး.. ခရီးထွက်သွားရှာတယ်.။ ခွန်ဆမ်လော ခရီးထွက်သွားတာနဲ့တပြိုင်နက် ခွန်ဆမ်လော အမိခင်ဟာ အညိုးကြီးသူပီပီ နန်းဦးပြင်လေးကို ထုံးစံ အတိုင်း နှိပ်စက်ပြန်ပါတော့တယ်...။ ကိုယ်ဝန်အရင့်မာ ဖြစ်နေတဲ့... နန်းဦးပြင်ကို လှေကားက ပြုတ်ကျအောင်ဆိုပြီး..လှေကားကိုပြုတ်ခံနီးအထိ တမင်ဖြုတ်ထားသတဲ့.. ဒါကိုမသိတဲ့ နန်းဦးပြင်က လှေကားကနေ ဆင်းတော့ပြုတ်ကျတော့တာပေါ့..ကံကောင်းထောက်မ၍ ကလေးရော မိခင်သေကံ မရောက်ခဲ့ပေမဲ့ ဒီလောက် လူမဆန်စွာ ရက်စက် ကြမ်းကြုတ်သော ယောက်ခမမျိုးနဲ့ မနေတော့ဟု စိတ်ဆုံးဖြတ်ခါ ချစ်လင်ပြန်အလာကို မစောင့်နိုင်ရှာပဲ မိမိမွေးရပ်ဌာနေ မိခင်တွေဆီကို ပြန်သွားပါတော့တယ်...။
ကိုယ်ဝန်ကလဲ အရင့်အမာနဲ့ဆိုတော့.. လမ်းခရီး..တ၀က်မှာပဲ..ဗိုက်အရမ်းနာလာပြီး... ကလေးကို ပါလာတဲ့အဖော် အကူညီနဲ့ပဲမွေးဖွားခဲ့ပါတော့တယ်...။ သို့ပေမဲ့ ကံဆိုးချင်တော့.. ကလေးကအသက်မရှင်ခဲ့ပါဘူး..ဒီတော့ နန်းဦးပြင်က စိတ်နှလုံး ထိခိုက်ကြေကွဲစွာနဲ့ “သြော်.. ကံဆိုးလှတဲ့ သားလေးရယ်... နင့်အဖေမျက်နှာကိုတောင် မြင်ခွင့်မရှိပဲ...လူ့လောက ကနေပြန်လည်ထွက်ခွာ သွားရပြီကောကွယ်... နင့်အဖေကိုသွားရှာပါတော့... ” ဆိုပြီး..၀ါးနှစ်ပင်ရဲ့ခွကြားမှာ..
တင်ထားခဲ့လိုက်ပါတယ်..။
အဲဒီ ကလေးဟာ.. နောက်ဆုံး.. ဥသြ ဌက်လေး ဖြစ်လါပြီး သူ့အဖေကို အမြဲတမ်း အော်ခေါ်နေရှာသတဲ့ သူ့အသံလေးကို သျှမ်းတို့က..“ပေါ့ဝေ့”“ပေါ့ဝေ့” (အဖေရေ)လို့ကြားနေရတယ်....။ သူ့အဖေ ခွန်ဆမ်လောကို...အော်ခေါ်ပြီးလိုက်ရှာ... ထနေ့ထိတိုင် တကောင်ထဲ အော်မြဲခေါ်မြဲ  ခေါ်နေဆဲလို့ ဆိုကြပါတယ်။
ဒီလိုနဲ့ နန်းဦးပြင်ဟာ..ခရီးကလည်းပန်း မီးဖွားပြီးကားစလည်းဖြစ်..ရင်သွေးလေး ကလည်း အသက်မရှင်စတဲ့ အမျိုးအမျိုးသောဒုက္ခဝေဒနာတွေကြောင့် စိတ်ထိခိုက်ပင်ပန်းပြီး
အိမ်ရောက်တာနဲ့.... သေဆုံးသွားရှာပါတယ်..။
နန်းဦးပြင်ဟာ.. သူမ မသေဆုံးခင်မှာ...မိုင်းကိုင်သူတွေ သူ့လိုအဖြစ်ဆိုးနဲ့ ကြုံရမှာစိုးရိမ်ရှာ
တဲ့အတွက်... “မိုင်းကိုင် သူတွေသူ့လိုမျိုး... အလုံးစုံမပြည့်စုံပါစေနဲ့...
ချို့ယွင်းချက်တခုအမြဲတမ်းရှိနေပါစေ... မိုင်းကိုင်က ထွက်တဲ့ ပစ္စည်းတွေအားလုံး သူများတွေထက် အရည်အသွေးကောင်းပါစေ”.. ဆိုပြီး..ကျိန်စာတိုက်ခဲ့ပြီးဆုံးသွားခဲ့ရှာတယ်...။
ခွန်စံလောဟာ..ကုန်ရောင်းကုန်ဝယ်ကနေပြန်ရောက်လာတော့...နန်းဦးပြင်ကိုအိမ်မှာမတွေ့၍ ပြန်သွားပြီဆိုသော သတင်းကိုကြားကြားချင်း..ချက်ချင်းဆိုသလို မိုင်းကိုင်ကို မြင်းနဲ့အပြေးလာခဲ့ပါတယ်..။ အလာကောင်းပေမဲ့ အခါနှောင်းသွားခဲ့ပြီဆိုတာ ခွန်ဆမ်လောတယောက်မသိနိုင်ရှာ.. နန်းဦးပြင်တို့အိမ်ကိုရောက်တော့.. ရွာသူရွာသားတွေက..ခွန်ဆမ်လောကို နန်းဦးပြင်ရဲ့အိမ်ထဲ ပေးမ၀င်ကြပါဖူး နန်းဦးပြင်အလောင်းကိုမပြချင်လို့... တံခါးဝမှာ.. ၀ိုင်းပိတ်ထားကြတယ်..။
ထိုအခါခွန်ဆမ်လောလဲ သူကုန်ရောင်းလို့ရလာတဲ့ ငွေဒင်္ဂါးတွေကို ကြဲလိုက်ပါတော့တယ်..။
သူ့ကိုဝိုင်းပိတ်တဲ့ သူတွေက ငွေင်္ဂါးတွေကိုဝိုင်လုကောက်နေကြတဲ့ အချိန်မှာမှ..
ခွန်ဆမ်လောအိမ်ထဲကိုဝင်ပါတော့တယ်...အိမ်ပေါ်ရောက်တယ် ဆိုရင်ပဲနန်းဦးပြင်၏ အလောင်းကိုတွေ့ လိုက်ရပါတော့သည်။
ခွန်ဆမ်လောဟာ ဖြေမဆည်းနိုင်အောင်ဖြစ်နေရှာပြီး အရမ်းစိတ်ထိခိုက် ကြေကွဲရင်း..
သိပ်ချစ်ကြသူနှစ်ဦးဆိုတော့ နန်းဦးပြင်မရှိလျှင် ငါလဲဒီလောကမှာ ရှိနေလို့ဘာမျှမထူးဟု စိတ်ဆုံးဖြတ်ခါ သူ့မှာပါလာတဲ့.. ဆောင်ဓါးနဲ့ပဲ.. သူ့ကိုယ်သူ... အဆုံးစီရင်လိုက်ပါတော့တယ်၊ ခွန်ဆမ်လောဟာနန်းဦးပြင်အလောင်းပေါ်လဲကျသွားပြီး.....နန်းဦးပြင်အလောင်းပေါ်မှာပဲသေဆုံးသွားရှာပါတော့တယ်..
ခွန်ဆမ်လော ဆုံးတဲ့ သတင်းကြားတော့... ခွန်ဆမ်လောမိခင်ဟာ..ကြားကြားချင်းဆိုသလို လိုက်လာတာပေါ့...။ သူတို့နှစ်ဦး အလောင်းယှဉ်ရက် ပြင်ထားတာကိုတွေ့တော့ အရမ်းစိတ်ဆိုးသွားပြီး... နန်းဦးပြင်ကိုအမုန်း မပြေသေးတာကြောင့် သူ့မှာပါလာတဲ့ဝါးထမ်းပိုးနဲ့... အလောင်းနှစ်ခုရဲ့ ကြားကိုချထားပြီး ခြားလိုက်ပါတယ်တဲ့..
နောက်ဘ၀မှာလဲ သူတို့နှစ်ဦး ပြန်မဆုံနိုင်ပါစေနဲ့.. ဆိုပြီး..ကျိန်လိုက်ပါသေးတယ်..။
အဲ့ထမ်းပိုးကိုလဲ....သူတို့ကိုမြုပ်တဲ့နေရာအထိယူဆောင်သွားပြီး...အလောင်းမြုပ်တဲ့နေရာမှာလဲ လိုက်ခြားလိုက်တယ်တဲ့..။ ပြီးတော့ ထမ်းပိုးကို နေရာရွေ့မသွားအောင် စို့
နဲ့ ခိုင်ခိုင်မာမာ ထိုးစိုက်ထားပြန်ပါသေးတယ်။ ခွန်ဆမ်လောနဲ့ နန်းဦးပြင်တို့ဟာ သေဆုံးသွားပြီးတဲ့နောက်မှာ ကောင်းကင်မှာ ကြယ်ကလေးတွေ ဖြစ်သွားကြပါသတဲ့..။
သို့သော်လည်းအမေ ဖြစ်သူရဲ့ကြီးမားတဲ့ အမုန်းအာဃာတ ကြောင့် ကြယ်ကလေးတွေ ဘဝမှာ တောင် ချစ်သူနှစ်ဦးဟာ အေးချမ်းစွာပေါင်းဆုံခွင့် မရကြရှာပါဘူး...
ခွန်ဆမ်လောရဲ့အမေ ကြားမှာခြားပေးလိုက်တဲ့ဝါးထမ်းပိုးဟာ အဆစ်သုံးဆစ်ပါရှိတဲ့အတွက် ကြယ်သုံးလုံး(မောင်ရင်ဆိုင်းထမ်းကြယ်)အဖြစ် ခေါ်ဆိုကြပြီး သူတို့နှစ်ဦးကြားမှာ တန်းကာ ခြားနားထားလို့ မပေါင်းဆုံနိုင်ကြပဲရှိနေရှာပါတော့တယ်၊ ၀ါးထမ်းပိုးရဲ့ အဆစ်တဆစ်ဟာ ကြယ်တလုံးအနေဖြစ်ကိုယ်စားပြုတာမို့ အဆစ်-၃ဆစ်ဆိုတော့.. ကြယ်-၃လုံးပေါ့ စို့နဲ့ ရိုက်ထားတဲ့နေရာကတော့ မှေးမှိန်နေတဲ့ ကြယ်တန်း စွေစောင်းစောင်းလေးအဖြစ်
အဲ့ဒီထမ်းပိုးသဏ္ဍာန် ကြယ်သုံးလုံးရဲ့ အောက်ခြေနားမှာ စို့သဖွယ်တည်ရှိနေတာကို
ယနေ့တိုင်မြင်တွေ့နေရဆဲဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ.. ကြာပေမဲ့ ယခုထိတိုင် နန်းဦးပြင်ရဲ့ အိမ်မြေကွက်နေရာဟာ.. ဘာအပင်မှ မပေါက်ရောက်ပဲ..တည်ရှိနေပါသေးသည်ဆိုတာကို မိုင်းကိုင်မြို့ကို အလည်အပတ်များရောက်ဖြစ်ခဲ့ရင်ဖြင့် သွားရောက်လေ့လာဖို့ တိုက်တွန်းလိုက်ချင်ပါတယ်... မိုင်းကိုင်မြို့ရဲ့အရှေ့ မနီးမဝေးမှာ တည်ရှိနေပါတယ်...နန်းဦးပြင်ရဲ့ မြေကွက်ဘေးတွင်.. စေတီတဆူ ကိုတည်ထားကိုးကွယ် ထားပါတယ်...။
ခွန်ဆမ်လောနှင့် နန်းဦးပြင် .... ပုံပြင်အနေဖြင့် ခွန်ဆမ်လောနှင့် နန်းဦးပင်ကို ရှမ်းတိုင်းရင်းသားများ နားထောင်သိရှိဖူးသော ဒဏ္ဍာရီပုံပြင်ဖြစ်ပါသည်။ ဤပုံပြင်သည် သျှမ်း တိုင်းရင်းသားတို့၏ သမိုင်းနောက်ခံပုံပြင်လည်းဖြစ်သလို ၀မ်းနည်းကြေကွဲစရာ ချစ်ပုံပြင်လေးလည်းဖြစ်ပါသည်။ သိပ်ချစ်လွန်းသူ နှစ်ဦးသည် သေလွန်သွားသော်လည်း အချစ်စိတ်၏ စွဲလမ်းမှုကြောင့် ကြယ်လေးနှစ်ပွင့်အဖြစ် တည်ရှိနေပါသော်လည်း မိခင်ဖြစ်သူ၏ အာဃာတ အမုန်းတွေ မပြေလေတော့ ကြယ်လေးများဘ၀မှာပင် အလွမ်းတွေ ဝေနေခဲ့ရပြီပေါ့ တစ်ပွင့်မှာ ညဦးပိုင်းတွင် လင်းလက်ပြီး ၄င်းကြယ်မှာ (ခွန်ဆမ်လော)၊ ကျန်တစ်ပွင်မှာ မိုးသောက်ခါနီးတွင် လင်းလက်ပြီး ၄င်းကြယ်မှာ (နန်းဦးပြင်) ဖြစ်လေသည်။
ယင်းကြယ်နှစ်လုံးမှာ သုံးနှစ်တစ်ကြိမ်နီးခဲ့ကြပြီး ကျန်နှစ်များတွင် ပြန်လည် ဝေးကွာ သွားကြလေသည်။ သိပ်ချစ်ကြတဲ့ ချစ်သူတိုင်း ခွန်ဆမ်လောနှင့် နန်းဦးပြင် အဖြစ်မျိုးကင်းဝေးနိုင်ကြပါစေ… ကျားပေါက်
အိုက်ခီလောက် (or) http://www.yamarkarlulin.blogspot.com/မှ ထုတ်နုတ် ဖေါ်ပြလိုက်ပါသည်။
 

blogger templates | Make Money Online