*အနာဂတ်လူငယ်များ မိမိအမျိုးသားဂုဏ် ဖေါ်ဆောင်နိုင်ကြပါစေ*

Thursday, October 7, 2010

ခန္တီး - သျှမ်းနီတို့၏ မီလာရှီကာ ဆင်ဖမ်းနည်း

ခန္တီး-သျှမ်းနီများသည် မြန်မာပြည်တွင် မီလါရှီကာနည်းဖြင့် ဆင်ဖမ်းလုပ်ငန်းများကို ပထမဦးဆုံးစတင် ဆောက်ရွက်ခဲ့သူများ အဖြစ်ကြသည်။ ဤဆင်ဖမ်းသည့်အကြောင်း မတင်ပြမီ စာဖတ်ပရိသတ်များ ဆင်အကြောင်းကို အကြမ်းဖျင်းအား ဖြင့် သိရှိသဘောပေါက်စေရန် ကမ္ဘာပေါ်ရှိဆင်များ အကြောင်းကို အကျဉ်းမျှတင်ပြလိုပါသည်၊
ဆင်အမျိုးနွယ်များကို ကမ္ဘာပေါ်တွင် အာဖရိကတိုက်၊ အာရှတိုက်တောင်ပိုင်းနှင့် အာရှဆင် ဟူ၍ အသွင်မတူသောဆင်ကွဲများ ဖြစ်ကြပါသည်။
ရှေးအခါ ကမ္ဘာ့မြောက်ဘက်ခြမ်းတွင် “ဆင်”ကြီးများ ကျက်စားခဲ့သည်၊ ယခုအခါ ထိုဆင်ကြီးများမှဆင်း သက်လာသော အာဖရိကဆင်နှင့် အာရှဆင် နှစ်မျိုးကိုသာလျှင် တွေ့ရှိနိုင်တော့သည်၊ ကုန်ဆုံးလေ ပြီးသောနှစ်ပေါင်း (၃၈) သန်းလောက်ကတည်းကပင် ဒိုင်နိုဆောသတ္တ၀ါ ( Dinosaw ) ကြီးများနှင့်အတူကြီးပြင်း လာခဲ့သော အမျိုးနွယ်ဖြစ်လျှင် ယနေ့တိုင် အသက်ရှင်တည်ရှိနေသော ကျောက်ခေတ်မှ အကြွင်းအကျန် သတ္တ၀ါမျိုးဆက်ဟု ထင်ထင်ရှားရှား လက်ညိုးထိုးပြစရာမှာ ဆင်များသည်သာ မားမားမတ်မတ် ရှိလေတော့ သည်၊ အာဖရိကဆင်တွင် အမျိုးနွယ် ငါးမျိုးရှိသည်၊ ယင်းတို့မှာ အာဖရိကအလယ်ပိုင်းဆင်၊ ဆူဒန်နယ်ဆင်၊ အာဖရိကအရှေ့ပိုင်းဆင်၊ အာဖရိကတောင်ပိုင်းဆင်နှင့် ပစ်ဂမီဆင် ဟုခေါ်သော ဆင်ပုတစ်မျိုးဖြစ် အီကွေတာဒေသနှင့် ကွန်ဂိုမြစ်ဝှမ်းတစ်လျှောက်တွင် တွေ့ရှိရပါသည်၊ အာဖရိကဆင်ကြီးများသည်။ ရှေးကျောက်ခေတ် နှစ်သန်းလောက်က   မာမွတ်( Mammoth )ဆင်ကြီးများ နှင့်တူညီသည်ကို တွေ့ရှိရပါသည်။
အာဖရိကတိုက်ဆင်များကို အာရှတိုဆင်များကဲ့သို့ ဖမ်းဆီးပြီး အလုပ်စေခိုင်းမရပေ၊ ယဉ်ကျေးအောင် သွန်သင်၍ မရနိုင်ဟုဆိုသည်၊ သို့ကြောင့် အာဖရိကတိုက်တိုင်းရင်းသားများက ဆင်ကိုဖမ်း၍ ယဉ်ကျေးအောင် သွန်သင်ခြင်းမွေးမြူခြင်း မပြုခြင်းသာဖြစ်ပေမည်၊ သစ်ဆွဲရန်အနေအထား ခွန်အားလည်းမပြည့်စုံသဖြင့် မခိုင်းစေခြင်းဖြစ်ပေမည်၊ ပေါ်တူဂီအရှေ့ အာဖရိကတွင် ဆင်တစ်မျိုးကို သစ်ဆွဲတန်ဆာများ တပ်ဆင်အသုံးပြုခဲ့သည်၊ သို့သော အကြီးမားဆုံးဝန်ကို မဆွဲနိုင်ဘဲ တောင်သူလယ်သမားများသုံး ကိရိယာများကိုသာ ဆွဲနိုင်သောကြာင့် မွေးမြူစောင့်ရှောက် ရသောစရိတ်နှင့် လုပ်အားမကာမိ ယင်းအလေ့အထ ပျောက်ကွယ်ရသည်ဟု ဆိုရမည်ဖြစ်သည်။
အာဖရိကတိုက်ဆင်သည် အရပ်လွန်စွာမြင့် အချိုးအစား မကျနပေ၊ နားရွက်မှာ လွန်စွာကြီးမားပြီး နှာမောင်းတွင် ကြမ်းတမ်းသော အရစ်များရှိသည်၊ အစွယ်သည် လွန်စွာ ရှည်လျားပြီး အချို့ အစွယ်များသည် အပြင်သို့မဟုတ် အတွင်းနှာမောင်းအပေါ်ဘက်သို့ လိမ်ကောက်လျှက်ရှိသည်။ ခြေလက်များမှာ သေးသွယ် တညီတညာတည်းရှိသည်၊ အာရှတိုက် ဆင်များကဲ့သို့ ခြင်္သေ့ထိုင် ပုံဏ္ဍန်မျိုးမရှိပေ၊ အာရှတိုက်ဆင်မျိုးကို အိန္ဒိယ မျိုးဟုခေါ်ဝေါ် ကြသော်လည်း မျိုးနွယ်အားဖြင့် လေးမျိုးခွဲခြားသိရှိရပါသည်၊
အိန္ဒိယဆင် သို့မဟုတ် မြန်မာဆင်၊ သိဟိုဠ်ဆင်၊ မလေးဆင်နှင့် ဆုမတြာဆင် တို့ဖြစ်ကြသည်။
အာရှတိုက်နှင့် အာဖရိကတိုက် ဆင်တို့သည် ပုံဏ္ဍာန်အားဖြင့်။ အမြင်အားဖြင့် ကွဲပြားခြားနားမူရှိသည်၊ အာရှတိုက်ဆင်များးသည် ကိုယ်လုံးကိုယ်ထည်ကျစ်လျစ် နားရွက်သေးသည် နှာမောင်းမှာ အရင်းတုတ် အဖျားသို့ပြေပြစ်စွာရှူးသွားသည်၊ စွယ်စုံဆင်ပေါက် များတွင် အစွယ်မှာလွန်စွာမရှည်လှဘဲ များသောအားဖြင့် တုတ်ခိုင်သည်၊ ရှေ့ပိုင်း (ဦးခေါင်းပိုင်း) မြင့် နောက်ပိုင်း (အမြီးပိုင်း)နှိမ့်လျှောပြီး ခြင်င်္သေ့ထိုင်ပုံဏ္ဍာန်ရှိကာ ခြေလက်များ တုတ်ခိုင်သည်။ အသားပြည့်ဝသည်၊ သီဟိုဠ်ဆင်များတွင် အထီးနှင့်အမ နှစ်မျိုးစလုံး အစွယ်မပေါက်ပေ၊ သစ်ဆွဲရာ တွင်းလည်း ကြိုးတန်ဆာပလာများတပ်ဆင်၍ ဆွဲနိုင်ခြင်းမရှိပေ၊ သစ်လုံးကိုချည်ထားသောကြိုးကို ပါးစပ်ဖြင့်ကိုက်၍သာဆွဲနိုင်သည်၊ မလေးဆင်ဆုမတြာဆင်တို့မှာ မြန်မာဆင်ထက် အရပ်အလုံး အဖန်မြင့်မားကြီးမှား ကြီးထွားသောလည်း လေးလံသောဝန်ထုပ်ကို ဆွဲယူမယူသည့်ခွန်အားသည် အိန္ဒိယဆင် မြန်မာဆင်တို့ကို မမိပေ။ ရေမြေတောတောင်ချင်းဆက်စပ်နေသည့် အိန္ဒိယ၊ မြန်မာ၊ လော၊ ထိုင်းနိုင်ငံတို့တွင် ဆင်များကူးလူး ဆက်ဆံသွားလာခြင်းရှိသောကြောင့် ဆင်မျိုးနွယ်များ တူညီကြသည်၊ အာရှတိုက်တွင် ၁၉၇၉ ခုနှစ်တွင် ဆင်ကောင်ရေ နှစ်သိန်းကျော်ရှိမည်ဟုခန့်မှန်းရရှိသည်။
ဆင်အမျိုးအစားများ
မြန်မာနိုင်ငံအတွင်းရှိ ဆင်ထီးများကို ၄င်းတို့အစွယ် ကိုယ်အင်္ဂါလက္ခဏာများ ခွဲခြားမှုကိုလိုက်၍ စွယ်စုံဆင်၊ ဟိုင်းဆင်၊ တည်ဆင် ဟူလေးမျိုး လေးစား ခွဲခြားသတ်မှတ်ခေါ်ဝေါ် ကြပါသည်။
ဆင်အမ အပါဝင်ဆိုလျှင် ဆင်အမျိုးစား ငါးမျိုးရှိသည်ဟုဆိုရပေမည်၊ အစွယ် အရှည် ကြီးမထွက်သောဆင်ထီးကို ဟိုင်းဆင်၊ ဟံဆင် ဟုခွဲခြားခေါ်ဝေါ်သော်လည်း ခန္တီးသျှမ်းတို့မူ စန့်ဒွေးဟု တစ်မျိုးတည်းသာ သတ်မှတ်ခေါ်ဝေါ်ပါသည်၊
-စွယ်စုံဆင် (စန့်ပိုင်း)
အစွယ်နှစ်ချောင်းဖြူဖွေး၍ ရှေ့သို့ ရှည်လျားစွာကော့တက်နေသည့် ဆင်ပြောင်ကြီးဖြစ်သည်၊ ခံ့ညားလှပသည်၊ စိတ်နေစိတ်ထား ခက်ထန်ကြမ်းကြုတ်သည်၊ တောထဲရှိ ဆင်သင်းဆင် အုပ်ကိုအုပ်ျချုပ်သည်၊ ဆင်သင်းအုပ်များကို စွယ်စုံဆင် (ထီးခိုး) စန့်ခိုတို့က ကွပ်ကဲအုပ်ချုပ်သည်၊ ဟိုင်းဆင်နှင့်လုံးဝမတည့်ပေ၊
- ဟိုင်းဆင်
ဆင်မကဲ့သို့ အစွယ်တိုတိုနှစ်ချောင်းသာရှိသည်၊ အစွယ်မှာ တိုသော်လည်း တုတ်ခိုင်သည်၊ အချို့မှာအစွယ်ဖုံးဖြစ် သွားဖုံးကိုပြူပြင် မထွက်လာပေ၊ နှာမောင်း အလွန်တုတ်ခိုင် သန်မာသည်၊ ခြားဆင်များနှင်မတူဘဲ နားရွက်ခြေစုံလက်စုံ ခြေသည်းလက်သည်း ခြေခွာ လက်ခွာများ ကြီးများဝိုင်ဝန်းသည်၊ ဦးခင်းနားရွက်၊ နားထင်၊ နှာအိုး၊ နှာမောင်းများ ထူးထူးခြားခြား ကြီးမားသည်၊ စိတ်နေစိတ်ထား ခက်ထန်ကြမ်းတမ်းသည်၊ တောတွင်းရှိ ဆင်သင်းအုပ်ကို အုပ်ချုပ်သည်၊ စွယ်စုံဆင်ပေါက်ထက်အင်အားပိုမို ကြီးမားပြီး ဆင်ပေါက်နှင့် လုံးဝမတည့်ပေ၊ စွယ်စုံဆင်နှင့် ဟိုင်းဆင်သည် အရွယ်တူဖြစ်ပါက ဟိုင်းဆင်က ပိုမိုအင်အား ကြီးပြီး စွယ်စုံဆင်ကိုနိုင်သည်။
- ဟံဆင် (စန့်ဒွေး)
ဟိုင်းဆင်အမျိုးနွယ်ပင်ဖြစ်သည်၊ အစွယ်တိုနှစ်ချောင်းရှိသည်၊ အစွယ်မှာ သေးသွယ်ရှည်လျား ထွားကြိုင်းသန်မာခြင်းမရှိပေ၊ ဟိုင်းဆင်နှင့် စွယ်စုံဆင်လောက် အင်အားကြီးမားခြင်းမရှိပေ၊
-တည်ဆင် (စန့်ငါးလျှို)
မွေးကတည်းကပင် အစွယ်တစ်ချောင်းတည်း ပါလာသည်၊ အစွယ်ညာဘက်ရှိလျှင်ညာတည်။
ဘယ်ဘက်ရှိလျင် ဘယ်တည်ဟုခေါ်သည်၊ အရှားပါးဆုံးဖြစ်သည်၊ ဆင်အုပ်နှင့် တစ်သီးတခြား နေတတ်သည်။ သူ.အစွယ်ကိုအထူးအားကိုသည်၊ တချို့ အစွယ်တစ်ချောင်းကျိုးသွား တည်ဖြစ် လာသည်လည်းရှိသည်။
- ဆင်မ (စန့်ထမေ)
အချို့အစွယ်ပေါက်၍ အချို့လုံးဝမပေါက်ပေ၊ အစွယ်ပေါက်သောလည်း ဆင်ထီးများ.အစွယ်
ကဲ့သို့ ကြီးမားထွားကြိုင်းခြင်းမရှိပေ၊ ဆင်ထီးများထက် ကိုယ်အင်္ဂါထွားကြိုင်းမှု လျော့နည်းသည်၊ စိတ်နေစိတ်ထားနူးညံ့သိမ်မွေ့ပြီး ထိန်းသိမ်းရာတွင်လည်းကောင်း၊ သင်ကြားရေးတွင်လည်းကောင်း၊ အလုပ်ခိုင်းစေရာတွင်လည်းကောင်း အလွယ်ကူဆုံး ဖြစ်သည်၊ ဆင်၏အစွယ်များသည် ငွေရောင်နှင့် ရွှေရောင်များဖြစ်ပြီး "ရွှေရောင်က တန်ဖိုး”ကြီးသည်။
တောဆင်ရိုင်းဖမ်းနည်းများ
ကျုံးသွင်းဖမ်းခြင်း၊ -မီလာရှီကာခေါ် ကြိုးကွင်းပစ်ဖမ်းခြင်း (တုန်းစန့်)၊ -မေ့ဆေးသေနတ်ဖြင့် ပစ်ဖမ်းခြင်း၊ -တည်ဆင်ဖြင့်ဖမ်းခြင်း (သို့မဟုတ်) မြူဆွယ်ဖမ်းဆီးခြင်း တို့ဖြစ်ကြပါသည်။-

မီလာရှီကာ ခေါ် ကြိုးကွင်းပစ်ဖမ်းခြင်း သို့မဟုတ် (တုန်းစန့်)
ဤဆင်ဖမ်နည်းကို တိုင်းလျဲန်(သျှမ်းနီ)နှင့် ခန္တီးသျှမ်းတို့ ရိုးရာဓလေ့လည်းဖြစ်ပါသည်၊ ၎င်းသျှမ်းတိုင်းရင်းသားများသည် အိန္ဒိယနှိင်ငံ၊ အာသံပြည်နယ် သို့သွားရောက် လေ့လာသင် ကြား၍ စတင်လုပ်ကိုင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်၊ တိုင်းခန္တီးလူမျိုး စ၀်ဖမန်းအောင်(မန်နေ) သည် အသက်၁၈-၁၉ နှစ်အရွယ်ခန့် (၁၈၉၀ ပြည့်နှစ်)တွင် ၎င်း၏ဆွေမျိုးသားချင်း ခန္တီးသျှမ်များရှိရာ အိန္ဒိယနှိင်ငံ အာသံပြည်နယ်သို့သွာရောက်၍ မီလာရှီကာဆင်ဖင်းနည်းကို လေးနှစ်တိုင်တိုင် လေ့လာ သင်ကြားခဲ့သည်။
စ၀်ဖမန်းအောင်သည်ခန္တီးလုန်သို့ပြန်ရာက်ပြီး ထိုဆင်ဖမ်းနည်းဖြင့် ၎င်းကိုယ်တိုင် စ၀်ထိုနီ (လုပ်ငန်းရှင်)နှင့် ဖန်ဒီ (ဆင်ဖမ်းကျွမ်းကျင်သူ) အဖြစ်ဆောင်ရွက်ပြီး ဆင်ဖမ်းလုပ်ငန်းကို လုပ်ကိုင်ခြင်း၊ အခြားသူများကိုလည်း သင်ကြားပြသပေးခြင်း ပြုလုပ်ခဲ့ရာမှ ခန္တီသျှမ်း များဤဆင်ဖမ်းနည်းကို တတ်မြောက်ကျွမ်းကျင်လာခြင်း ဖြစ်ပါသည်။
ဆင်ဖမ်းနည်းကို စောစောပိုင်းတွင် ရှမ်းဘာသာဖြင့် တုန်းစန့် ကြိုးကွင်းပစ်ခြင်းဟုသာ ခေါ်ဝေါ်ခဲ့သည်၊ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းတွင်း နိုင်ငံတော်၏ လမ်းညွန်မှုဖြင့် ဆင်ဖမ်း သမ၀ါယမ အသင်းကိုထူထောင်၍ ဆင်ဖမ်းလုပ်ငန်းများကို ကျယ်ပြန့်စွာတိုးချဲ့ လိုပ်ကိုင်လာသည်။ နောက်ပိုင်းတွင် မီလာရှီကာ ဝေါဟာရအခေါ်အဝေါ် ကိုသုံးစွဲလာပါသည်၊ ဝေါဟာရမှုရင်းမှာ အိန္ဒိယနိုင်ငံ အာသံပြည်နယ်ကုလားလူမျိုးများ၏ ဘာသာစကားဖြစ်သည်၊ တောလိုက်မုဆိုးများ တောတောင်ထဲတွင် တောကောင်များကို နောက်မှလိုက်၍ ပစ်ခတ်ဖမ်းဆီးယူသကဲ့သို့ တောထဲတွင်ရှိနေသော တောဆင်ရိုင်းများကို နောက်မှလိုက်၍ လိုက်လံဖမ်းဆီး ယူခြင်းဟု အဓိပာယ်ရှိသည်၊ ဤဆင် ဖမ်းနည်းသည် ကျုံးစနစ်ဖမ်းနည်းထက် အသက်အန္တရာယ် ပိုမိုများပြားပြီး ရဲရင့်စွန့်စားလုပ် ကိုင်ဆောင်ရွက်ရသောလည်း လူအင်းအားနှင့် ငွေကြေးအကုန်အကျမှာမူ ကျုံးဖမ်းနည်းထက် ပိုမိုသက်သာပါသည်။ မီလာရှီကာကြိုးကွင်းပစ် ဆင်ဖမ်းနည်းမှာ ကွမ်ကီခေါ် အထူးသင်ကြား တတ်ကျွမ်းသော ဆင်ယဉ်ကို ဆိုင်ဖလာ ခေါ် ၀မ်းပတ်ကြိုး၊ ဆိုင်ကတ်ခေါ် သိုင်းကြိုး နှင့် ဆင်ဖမ်းကြိုးများ အပြည့် အစုံတပ်ဆင်၍ ဖန်ဒီခေါ် ဆင်ဖမ်းကျွမ်းကျင်သူက ဦးစီးလုပ်ပြီး။ မာအွတ် ခေါ် ဆင်ပဲ့ထိန်းသူက ဆင်အမြီးပိုင်းတွင်ထိုင်ကာ တောဆင်ရိုင်းများ နောက်သို့ အပြေးလိုက်ပြီး မိမိလိုချင်သောတောဆင်ရိုင်း၏ ဦးခေါင်းကို ဆိုင်ဖန်ခေါ် ဆင်ဖမ်းကြိုးကွင်းဖြင့် ပစ်ကာ တောဆင်ရိုင်း၏ လည်ပင်းကို စွပ်ဖမ်းခြင်းပင်ဖြစ်သည်။ ဆင်ဖမ်း ကြိုးကိုလည်း မိမိတို့ကိုယ်တိုင် ၁၀လွန်း၁၂လွန်းတင် ကျစ်ထါးသောကြိုး အတောင်၂၀(သို့)၃၀ ကိုယူဆောင်သွားရသည်။ ထိုကြိုးကို မိုးမစိုရေမထိမိစေရန် သတိထားထိမ်းသိမ်းထားရသည်။ ဖမ်းမိသောဆင်ကို အခြားဆင်များဖြင့် ညှပ်၍(သို့)တွဲ၍ ခေါ်ဆောင်လါပြီးနောက်  ဇော်ပိုင်ခေါ် ဆင်ချော့တေးဖြင့် ရက်၂၀ (သို့)၃၀ရက်ခန့် ချော့ရသည်။ ထို့အခါဆင်သည် ယဉ်ပါးလါ၍ လိုအပ်သလို ခိုင်းစေလို့ရသည်။ ထိုင်းနုင်ငံတွင်မှု ဆင်၏ အနောက်ခြေထောက်ကို ကြိုးကွင်းပစ်၍ ဖမ်းနည်းကိုသုံးကြပါသည်။
ခန္တီ-သျှမ်းနီတိုင်းရင်းသားတို့၏ မီလာရှီကာဆင်ဖမ်းလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့သော ခုနှစ်မှာ ၁၈၉၆-ခုနှစ် စ၀်ဖမန်းအောင်(မန်နေ) ဖြစ်ပါသည်။ ၎င်းသည် မြန်မာပြည်သို့ပြန်ရောက်သောအခါ အင်းတော်ကြီးဆင်ဖမ်းနယ် လီဒိုလမ်း နောင်မီး ဆင်စခန်းဆောင်ရွက်ခဲ့ပါသည်၊ ၁၈၉၆ ခုနှစ် မတ်လ (၁)ရက်နေ့သည် အင်္ဂလိပ်အစိုးရက မန္တလေးမှ မိုးကောင်းမြို့နယ်ထိ မီးရထားလမ်းဖောက်လုပ် ရောက်ရှိသောနှစ်ဖြစ်ပါသည်၊ ထိုနှစ်တွင် စ၀်မန်းအောင်သည် သူ၏ဆင်ဖြင့် မီးရထားတွဲကို ဆွဲပေးခဲ့ရသည်ဟု မှတ်တမ်းများအရ သိရှိရပါသည်၊
မီလာရှီကာဆင်ဖမ်းလုပ်ငန်းတစ်ခုလုပ်ကိုင်ရန်မှာ စ၀်ထိုနီခေါ် လုပ်ငန်းရှင် တစ်ဦးသန့်သန့်(သိုမဟုတ်) စုပေါင်း၍ဖြစ်ဖြစ် လုပ်ကိုင်နိုင်သည်၊ လုပ်ငန်းပိုင်ရှင်က မိမိကိုယ်တိုင် ဆင်ဖမ်းခွင့်လိုင်စင်လျှောက်ထားရပြီး မိမိကိုယ်ပိုင်လိုင်စင် ဆင်ဖမ်းနယ်တွင် လုပ်ကိုင်နိုင်သည်၊ ကိုယ်ပိုင်လိုင်စင်မရှိသောလည်း သူတစ်ပါး၏ လိုင်စင်နယ်တွင် လုပ်ကိုင်နိုင်ပါသည်၊ ဆင်ဖမ်းလုပ်ငန်းရှင်တစ်ဦးသည် အနည်းဆုံးအားဖြင့် ကွမ်ကီဆင်တစ်ကောင်၊ စခန်းစောင့်ဆင်တစ်ကောင်၊ ဖန်ဒီတစ်ဦး ဆင်လုပ်သားနှစ်ဦးသုံးဦးနှင့် လုပ်ငန်းရှင်အပါဝင် လူငါးဦးခြေက်ဦးနှင့် ဆင်နှစ်ကောင်လိုအပ်ပါသည်၊ မိမိတတ်နိုင်လျှင် တတ်နိုင်သမျှ ကွမ်ကီဆင်များများ စခန်းစောင်များများ ထား၍လည်း လုပ်ကိုင်နိုင်ပါသည်၊ အကောင်းဆုံးမှာ အနည်းဆုံး ကွမ်ကီဆင်နှစ်ကောင်နှင့် စခန်းစောင့်ဆင်တစ်ကောင်ဖြင့် လုပ်သင့်ပါသည်၊ ကွမ်ကီဆင်တစ်ကောင် တည်းဆိုလျှင် တောထဲ့သို့ဆင်ဖမ်းထွက်သည့်အခါ အခက်အခဲများကြုံတွေ့နိုင်ပါသည်၊ ကွမ်ကီဆင် နှစ်ကောင်ဆိုလျှင် တစ်ကောင်နှင့်တစ်ကောင် ၀ိုင်းဝန်းကူညီလုပ်ဆောင်နိုင်သဖြင့် ပိုအဆင်ပြေပါသည်။
ဆင်ဖမ်းရာသီအချိန်သည် ပွင့်လင်းခြောက်သွေ့ရာသီဖြစ်သည့် တန်ဆောင်မုန်းလမှ တန်းခူလ သို့မဟုတ်အောက်တိုဘာလ မေလအထိဖြစ်သည်၊ ဖန်ဒီ၊ မာအွက်၊ ဆင်လုပ်သားများနှင့် ကွမ်ကီဆင်အကူများငှားလျှင် ဆင်ဖမ်းရာသီအတွက် အခကြေးငွေများ တွက်ချက်ပြီးငှားရမ်းရပါသည်၊ အင်္ဂလိပ်အစိုးရလက်ထက် ဖန်ဒီငှားခသည် တောဆင် လေးကောင် သို့မဟုတ် ငါးကောင်ဖမ်းဆီးရမိလျှင် ဖန်ဒီကိုတစ်ကာင်နှုန်းကျ ပေးရပါသည်၊ အကယ်၍ ဆင်ဖမ်းရာသီကုန်ဆုံးသောလည်း။ သတ်မှတ်သည့် ဆင်လေးကောင် ငါးကောင် မရလျှင်လုပ်ငန်းရှင်က တစ်ရာသီလုံး၏ ရသမျှတန်ဖိုးလေးပုံတစ်ပုံကို ဖန်ဒီကိုပေးရသည်၊ မာအွတ်နှင့် ကျန်ဆင်လုပ်သားများကိုမှုတစ်ရာသီလုံးတွင်ရရှိသည့် အမြတ်ပေါ်မှုတည်ပြီး ငွေဖြင့်သတ်မှတ်ပေးချေရသည်၊ ဆင်စခန်းသိမ်းပြီးနောက် လုပ်ငန်းရှင်နှင့်အတူ အမာခံအဖြစ် ဆင်များကို ဆက်လက်ထိန်းသိမ်းပေးသူများကိုမှု ဆင်ဖမ်းရာသီသုံးနှစ်လျှင်တစ်ကြိမ် ဆင်တစ်ကောင်ကျ အဖိုးအခအဖြစ်ပေးရသည်၊ ဖန်ဒီ၊ မာအွတ်နှင့် ဆင်လုပ်သားများအားလုံး. စားစရိတ် အ၀တ်အထည်နှင့် ဆေးဝါးကုန်ကျစရိတ်အားလုံးကို လုပ်ငန်းရှင်က တာဝန်ယူကျခံရပါသည်၊
ကွမ်ကီဆင်ငါးခမှာ လွတ်လတ်ရေးရခါစအချိန်တွင် ငွေကြေးဖြင့်ပေးလျှင် ဆင်ဖမ်းတစ်ရာသီအတွက် ကျပ်-၅၀၀ မှ ၁၀၀၀ အထိပေးရပြီး ဆင်ဖြင့်ပေးရလျှင် ဆင်ဖမ်းရာသီ နှစ်နှစ် သို့မဟုတ် သုံးနှစ်လျှင် ဆင်တစ်ကောင်ကျပေးရသည်၊ နှုန်းပေးရသည် အချို့လုပ်ငန်းရှင်များက တောဆင်ရိုင်း တစ်ကောင်ဖမ်းမိတိုင်း ဖန်ဒီကို ၂၅ ကျပ်၊ မာအွတ် ၅ ကျပ်စသည်ဖြင့် အပိုဆုကြေးအဖြစ် ချီးမြင့်ငွေများပေးသည်။
ကွမ်ကီဆင်သည် ဟိုင်းဆင်၊ ဟံဆင်နှင့် ဆင်မများ အကောင်းဆုံးဖြစ်သည်။ စွယ်စုံနှင့် တည်များကိုလည်း သုံး၍ရသော်လည်း အစွယ်ရှည်ကြီးများပါနေသဖြင့် တောဆင်များ ကြောက်လန့်တတ်၍ အနားကတ်မခံကြပေ၊ ဟိုင်းဆင်နှင့် ဟန်ဆင်တို့မှာ ပြင်ပအမြင်အားဖြင့် ဆင်မနှင့်တူပြီး အင်အားမှာ စွယ်စုံဆင်နှင့် ဆင်မထက်ပိုမို အားကောင်းသဖြင့် ပိုမိုကောင်းမွန်အားထားရသည်၊ ကွမ်ကီဆင်ဖြစ်ရန်မှာ နှစ်ဂိုမှုလကပင် အကျင့်စိတ်နေ စိတ်ထားကောင်း၍ အားကိုးအားထားရသော ဆင်များကိုရွေးချယ်ပြီး ဆင်ဖမ်းလုပ်ငန်းတွင်အသုံးပြုခိုင်းစေရင်း အထူးသင်ကြား၍ တတ်ကကျွမ်းလာခြင်းဖြစ်သည် သို့သော ကျွမ်းကျင်ခြင်းနှင့် ပို၍အားကိုးအားထားရခြင်းများကား တစ်ကောင်နှင့် တစ်ကောင်တူညီခြင်းမရှိပေ၊ ထို့ကြောင့် ငှားခပေးရသည်မှာလည်း ကျွမ်းကျင်ခြင်းနှင့် အားထားရခြင်းများကိုလိုက်ပြီး ငွေကြေးပို၍ပေးရပါသည်။
ပထမဦးဆုံး စ၀်ဖမန်းအောင်( မန်နေ)၊ ဒုတိယ စ၀်ဖရွှေနာ (မန်စေ)၊ တတိယ စ၀်ဖဆောင့်မိန်း၊ စ၀်ဖအန်စု (မုန်းလန်း) နှင့်ညီအစ်ကိုများ စတုတ္ထ စ၀်ထိန့် (မန်ပန်)၊ ပဉ္စမ စ၀်နွဲ့ဟွမ် (မန်စေ) တို့ဖြစ်ကြသည်။နောက်ပိုင်းတွင် လူတော်တော်များများ ဆင်ဖမ်းလုပ်ငန်းကိုလုပ်ကိုဆောင်ရွက် ခဲ့ကြသည်။ စ၀်ဖမန်းအောင်သည် ဆင်ဖမ်းလုပ်ငန်းကို လုပ်ကိုင်ရင်း ဆင်စားကျက်ကောင်းမွန်သော နေရာများတွင် ရွာများတည်ခဲ့သည်။ ၎င်းတည်ခဲ့သောရွာများမှာ မန်စေတုန်၊ ကာမိုင်းမြို့နယ်၊ နမ့်ဟိုင်ရွာအနီးနှင့် ဂျပန်ခေတ်နောက် ပိုင်းတွင် မိုင်းကောင်းမြို့နယ် ညောင်ကုန်းရွာကို တည်ခဲ့သည်။ ခန္တီးမြို့နယ် လိုင်စိုင်ရွာတွင် လယ်တစ်စား ဖော်ခဲ့ကြောင်းသိရှိရသည်။ ၎င်းသည် သတ္တိကောင်းသူ ဖြစ်သည့်အပြင် အရပ်အမောင်းကောင်းပြီး ခွန်အားဗလလည်းကောင်းသူဖြစ်သည်။ ၁၉၅၉ ခုနှစ် အသက် ၈၁ နှစ်တွင် ၎င်းတည်ထောင်ခဲ့သော ညောင်ကုန်းမြို့တွင်ကွယ်လွန်ခဲ့သည်။
 ဤသို့ မိမိတို့ကိုယ်တိုင်ကျစ်ထါးသော ကြိုးများကို အသုံးပြုကြသည်
ဆင်နှင့်လယ်လုပ်နေသော သျှမ်းနီများ
-ကျုံးသွင်းဖမ်းခြင်း၊ -မေ့ဆေးသေနတ်ဖြင့် ပစ်ဖမ်းခြင်း၊ -တည်ဆင်ဖြင့်ဖမ်းခြင်း (သို့မဟုတ်) မြူဆွယ်ဖမ်းဆီးခြင်း  နှင့် ခန္တီး သျှမ်းနီတို့၏ ရှေးဆင်အယူအဆများကို ဆက်လက်ဖေါ်ပြပါမည်....

ထုတ်နုတ်- စ၀်နွဲ့ရေး ခန္တီးသျှမ်းနီ ဆင်ဖမ်းဓလေ့

 

blogger templates | Make Money Online