ဟန်ထွန်း
တောင်ကြီးသား သျှမ်းအဆိုတော် တယောက် တေးသီချင်းများ၊ တေးစီးရီးများသည် ဂီတရေစီးကြောင်း၏ အောင်မြင်မှု အရှိန်ကောင်းကောင်းဖြင့် စီးမျောတတ်သကဲ့သို့ လူမသိ၊သူမသိ စီးမျောပါဝင်တတ်သည် များလည်းရှိသည်။ ဒါ့အပြင် အချို့သီချင်းများသည် ဆူလောင်ဝေဆာစွာသော ရေစီးသံဖြင့် ဂီတခရီးကို ခဏတာ ဖြတ်ကျော်သကဲ့သို့ အချို့သည် ကာလရှည်ကြာစွာဖြင့် ရေစီးကြောင်းကိုသံသရာ တစ်လျှောက်အောင်မြင်မှု၊ ပရိသတ် ရင်ထဲတိုးဝင်မှုများဖြင့် စီးမျောနေတတ်သည်လည်း ရှိတတ်ပါသည်။ ယခုဖော်ပြမည့် တေးသီချင်း၏ မူရင်းသံစဉ်သည် နှစ်ပေါင်း ၂၀ ကျော်အောင် လတ်ဆတ်မှုပေးနိုင်သကဲ့သို့ မြန်မာစာသားထည့်သွင်းကာ Cover Song အဖြစ်တင်ပြရာတွင်လည်း အောင်မြင်ခဲ့သော တေး သီချင်းဖြစ်ပါသည်။ ထိုသီချင်းအမည်က 'ရင်ခုန်ဘက်သို့တမ်းချင်း' ဖြစ်ပြီး ဟန်ထွန်း၏ ရှိနေမယ် တစ်ကိုယ်တော်စီးရီးတွင် ပွဲဦးထွက်သီချင်းအဖြစ် ပါဝင်ခဲ့သည့် သီချင်း ဖြစ်ပါသည်။

ယင်းသီချင်းနှင့် ပတ်သက်ပြီး တေးရေး ကေအေတီ၏ စကားသံများက.."ကျွန်တော်က Perter Cetera ရဲ့သီချင်းတွေကို ကြိုက်တယ်။ ဒီသီချင်းက သူရဲ့ပါရမီအမြောက်ဆုံး ဖန်တီးထားတဲ့ တေးသီချင်းထဲ ကတစ်ပုဒ်ပါ။ ရှိနေမယ် စီးရီးမတိုင်ခင် နှစ်နှစ်လောက်က ဗစ်တာခင်ညို ရဲ့သား ရဲရဲက စုပေါင်းခွေတစ်ခွေ စီစဉ်တယ်။ အဲဒီအခွေမှာ ဟန်ထွန်းဆိုဖို့ဆိုပြီး ဒါလေးကိုရေးပေးဖြစ်တယ်။ ဒါပေမယ့်ခွေက မထွက်ဖြစ်ဘဲ ဖြစ်သွားတာနဲ့ သီချင်းကို ဟန်ထွန်း ရော ကျွန်တော်ပါနှမြောလို့ ရှိနေမယ် စီးရီးမှာ ပြန်ထည့်သုံးခဲ့တာပါ"ဟု သိခွင့်ရခဲ့ပါသည်။
သီချင်းရေးစဉ် အဖြစ်အပျက်များနှင့် ပတ်သက်ပြီး ကေအေတီက ဆက်လက်၍ "သီချင်းပုံစံကိုတော့ မူရင်းအတိုင်းပဲ ဘာမှမပြောင်းလဲဘဲ Iron Cross က တီးပေးပါတယ်။ ပြန်ရေးမယ်ဆိုတော့ အရမ်းတာဝန်ကြီးတယ်။ အရမ်းအောင်မြင်တဲ့ သီချင်းလည်း ဖြစ်တယ်။ ဖန်တီးထားတဲ့အပိုင်းကလည်း ကောင်းတယ်ဆိုတော့ စာသားပိုင်းကို ခိုင်ခိုင်မာမာဖြစ်အောင် တည်ဆောက်ဖို့ အချိန်ယူရသလို စကားလုံးအသစ်လည်း သုံးချင်တယ်။ နောက် သူ့အဆုံးသတ်ကလည်း Expression အမြင့်ကြီးလုပ်ပြီး ဆုံးသွားတာဖြစ်တဲ့အတွက် အဲဒီသုံးချက်ကို တော်တော်အချိန်ယူပြီးမှ အဆုံးသတ်နိုင်ခဲ့တယ်"ဟု ဆိုသည်။
ဝေးနေကြ၊ ခွဲခွာနေကြရသည့် ချစ်သူနှစ်ဦး နောက်ဆုံးအနေဖြင့် တစ်ဦးကိုတစ်ဦး တစ်သက်လုံးခွဲမှာလား၊ ဘယ်လိုလဲစသော ပြန်လည်စိစစ်မှုဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော အဆိုပါသီချင်းတွင် ခေါင်းစဉ် စာသားဖြစ်သော ရင်ခုန်ဘက်သို့ တမ်းချင်းစကားလုံးရရန် အချိန်ယူခဲ့ ရကြောင်းနှင့်မူရင်းသီချင်းတွင် ပါဝင် သော စကားလုံးများအား ပိုမိုလေး နက်စေရန် နှစ်ခါထပ်ပြောသည့် စတိုင်လ်အား ဖန်တီးရာတွင်လည်း ခက်ခဲမှုကြုံတွေ့ရပုံများကို စတူဒီယို အတွင်းမှ အမှတ်တရအကြောင်း အရာအဖြစ် ယခုလို ပြောဆိုခဲ့ပါ သည်။
© Eleven Media Group
ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်