*အနာဂတ်လူငယ်များ မိမိအမျိုးသားဂုဏ် ဖေါ်ဆောင်နိုင်ကြပါစေ*

Tuesday, January 18, 2011

စမ္ပာနောင်ခို ရှမ်းကြီးမျိုးနွယ်စုတို့ မီးပုံးထင်းပူဇော်ပွဲ ဗန်းမော်မြို့ ရွှေကျီးနား မဟာစေတီတော်မြတ်

ဗန်းမော်မြို့ ရွှေကျီးနား မဟာစေတီတော်မြတ်ကြီးကို စမ္ပာနောင်ခို ရှမ်းကြီးမျိုးနွယ်စုတို့ မီးပုံးထင်း ပြုလုပ်၍ အနွေးဓာတ် ပူဇော်ကြကြောင်း သိရှိရသည်။

ဟေမန္တဥတု၏ တတိယမြောက်လ ဖြစ်သော တပို့တွဲလသည  အအေးဆုံးလ  ဖြစ်ကြောင်း၊ မြတ်စွာဘုရားရှိစဉ်က အနွေးဓာတ်ရစေရန် လက်တော်ကို မီးကင်(နေပူစာလှုံ)ဖူးသည်ဟု ဆိုစမှတ်ရှိကြောင်း၊ ထို့ကြောင့် တပို့တွဲလ ရောက်လျှင် မြတ်စွာဘုရားအား ရည်မှန်းပြီး စေတီတော်၊ ရုပ်ပွားဆင်းတုတော်တို့တွင် မီးဖို၍ အနွေးဓာတ်ရစေရန် မီးပူဇော်ရလေ့ရှိကြောင်း သိရသည်။

မီးပူဇော်ပုံ၊ ပူဇော်နည်းမှာ ဒေသအလိုက် ကွဲပြားခြားနားကြကြောင်း၊ ဗန်းမော်မြို့တွင်ရှိသော ရှမ်းကြီးမျိုးနွယ်စုတို့၏ မီးပူဇော်ပုံမှာ တပို့တွဲလပြည့်နေ့ မရောက်ခင် ကြိုတင်၍ ရှမ်းအခေါ်(မိုက်ဆွန်နို)ဆေးခါးသားများကို အခွံခွာထားရကြောင်း သိရသည်။ လပြည့်နေ့ ရောက်လျှင် ဖြူဆွတ်သော ဆေးခါးသားများကို ဆေးကြောသန့်စင်၍ လိုသမျှ အရှည်တိုင်း ဖြတ်ပြီး စေတီတော်နှင့် မနီးမဝေး၌ လေးထောင့်ကွက် စတုရန်းပုံသဏ္ဌာန် ကျကျ ကျင်းလေးကျင်းတူးကာ တစ်ကျင်းလျှင် သင်းဝါးလေးလုံးစီ စိုက် ထူပြီး ဖြတ်ထားသော ဆေးခါးသားများနှင့် တစ်ချောင်းပေါ် တစ်ချောင်းဆင့်ကာ မြင့်နိုင်သမျှ မြင့်အောင် မီးပုံးအဖြစ် တည်ဆောက်ကြကြောင်း သိရသည်။

''မီးပုံးထင်းအပေါ်ပိုင်းကို သက်ငယ်(သက်ကယ်) စည်းလေးတွေနဲ့ စေတီပုံသဏ္ဌာန်ချိုးပြီး အထွတ်တက်ကြတယ်။ လုပ်အားဒါန ပေးကြသူတွေကို မြေပဲဆံ၊ ထန်းလျက်၊ ကြံသကာရည် ရောနှောချက်ထားတဲ့ ရှမ်းရွှေထမင်းနဲ့ ကျွေးမွေးဒါနပြုတယ်။ အလင်းရောင်ပျောက်တဲ့ ညဥ့်ဦးပိုင်း အမှောင်ရောက်ပြီဆိုရင် ပန်းဒကာက ဦးဆောင်ပြီး သက်တော်ထင်ရှား မြတ်စွာဘုရားကို ရည်မှန်း စုပေါင်း ဆက်ကပ်လှူဒါန်း ပူဇော်ကြတယ်''ဟု ဒေသခံတစ်ဦးကဆိုသည်။

အနွေးဓာတ်ပူဇော်ပွဲတွင် မီးရှို့ပူဇော်သည့် အခါ နံ့သာ၊ သနပ်ခါး၊ အမွှေးတိုင်များ ထည့်ဝင် ပူဇော်ကြကြောင်း၊ နှစ်စဉ် တပို့တွဲလပြည့်နေ့တွင် ရွှေကျီးနား မဟာစေတီတော် မြတ်ကြီးကို မီးပုံးထင်း ပြုလုပ်၍ အနွေးဓာတ်ပူဇော်ပွဲ ကျင်းပလေ့ရှိကြောင်း သိရသည်။

ထုတ်နုတ်
Eleven
MEDIA GROUP

ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 



 

blogger templates | Make Money Online